ချန်ပီယံလိဂ်ပွဲ ပထမပိုင်းအပြီး အသင်းဖော်နဲ့ ရော်နယ်ဒို ပြဿနာတက်နေတဲ့ ဗီဒီယိုဖိုင်ထွက်ပေါ်

ပြီးခဲ့တဲ့ (၂၀၂၀-၂၁) ဘောလုံးရာသီ ဂျူဗင်တပ်စ်မှာ ရော်နယ်ဒို ကစားနေတုန်းက ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်အဖြစ် ပေါ်တိုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဂျူဗင်တပ်စ်ဟာ ပေါ်တိုကိုကျော်ဖြတ်ပြီး ကွာတားဖိုင်နယ် တက်ရောက်ဖို့ ပိုမိုရေပန်းစားခဲ့ပေမယ့် တကယ်တမ်းမှာတော့ ပေါ်တိုကသာ နောက်တဆင့် တက်သွားခဲ့တာပါ။

ဒုတိယအကျော့ ဂျူဗင်တပ်စ်အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပထမပိုင်းအပြီးမှာ ရော်နယ်ဒိုက အသင်းရဲ့ ပထမပိုင်း စွမ်းဆောင်ရည်အတွက် ဒေါသပေါက်ကွဲကာ အော်ဟစ်ပြောဆိုနေခဲ့ပါတယ်။

ဒီအပေါ်မှာ အသင်းဖော် ကွာဒရာဒိုက ထိန်းသိမ်းရင်း နှစ်ယောက်ကြား တင်းမာမှုတွေရှိခဲ့ပြီး အပြန်အလှန် အော်ဟစ်ပြောဆိုခဲ့တာပါ။ အဲ့ဒီအချိန်က ဂျူဗင်တပ်စ်ကို အီတလီဂန္တဝင်ဟောင်း ပီယာလို ကိုင်တွယ်နေခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုက “ငါတို့ အလုပ်ပိုကြိုးစားသင့်တယ်၊ ဘယ်လောက်တောင် သောက်တလွဲလုပ်လိုက်သလဲ၊ ငါတို့က အမြဲတမ်း သောက်တလွဲဖြစ်နေတယ်” လို့ ပြောဆိုခဲ့ပြီး ကွာဒရာဒိုက “မပူပါနဲ့၊ မင်းက အားလုံးအတွက် ဥပမာတခုဖြစ်ရမှာလေ” လို့ တုံ့ပြန်ခဲ့ပါတယ်။

အဲ့ဒီအချိန်မှာလည်း ရော်နယ်ဒိုက “ငါလည်း အတူတူပါပဲ။ ငါတို့ တယောက်နဲ့တယောက် အမှန်တိုင်းပြောသင့်တယ်၊ ဒါ ချန်ပီယံလိဂ်ပွဲကွ၊ ငါတို့အားလုံး သေချာ ကစားသင့်တယ်” လို့ ပြောဆိုခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ နည်းပြ ပီယာလိုရောက်ရှိလာခဲ့ပြီး နှစ်ယောက်လုံးကို ဖျောင်းဖျခဲ့ပါတယ်။ ဒီပွဲဟာ အချိန်ပိုအထိ ဆက်ကစားခဲ့ရပြီး ဂျူဗင်တပ်စ်က ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် အဝေးဂိုးစည်းမျဥ်းနဲ့အတူ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။