ကျနော်က ဇီဒန်းနဲ့ လူတွေအားလုံးရှေ့မှာ ဟိုတယ်ထဲ တွေ့ပြရမှာလားလို့ ရိလိုက်တဲ့ လီယိုနာဒို

ပီအက်စ်ဂျီ အားကစားဒါရိုက်တာ လီယိုနာဒိုက အသင်းအနေနဲ့ နည်းပြရာထူးအတွက် ဇီဒန်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်ဆိုတာ အတော်လေး ကိုးလို့ကန့်လန့်နိုင်တဲ့ ကိစ္စပဲလို့ ပြောကြားလာပါတယ်။

ယူနိုက်တက်တို့ ယာယီနည်းပြ မခန့်အပ်ခင်က ပိုချက်တီနိုကို ခေါ်ယူမယ်လို့ သတင်းတွေထွက်ခဲ့တာပါ။ ပီအက်စ်ဂျီကလည်း ပိုချက်တီနိုကို လက်လွှတ်ခဲ့ရမယ်ဆိုရင် ဇီဒန်းကို ပြန်လည် ခန့်အပ်မယ်လို့ ဆိုကြပါတယ်။

အခုချိန်မှာ ယူနိုက်တက်ကတော့ ယာယီနည်းပြအဖြစ် ရန်းနစ်ဂ်ကို ခန့်အပ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် လာမယ့်နွေရာသီမှာ ယူနိုက်တက်တို့ ပိုချက်တီနိုကို ခေါ်ဖို့ ကြိုးစားဦးမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

အဲ့ဒါကြောင့်လည်း ပီအက်စ်ဂျီနဲ့ ဇီဒန်းဆွေးနွေးနေပြီဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး ဒီအပေါ်မှာတော့ လီယိုနာဒိုက “ခင်ဗျားတို့ စိတ်ကူးယဥ်ကြည့်ပါဦး။ ကျနော်နဲ့ဇီဒန်းနဲ့က ပဲရစ်မြို့က ဟိုတယ်ကြီးတခုအတွင်း လူတွေအားလုံးရဲ့ ရှေ့မှာ အစည်းအဝေးလုပ်နေတယ်ဆိုပြီးတော့ပေါ့”

“အဲ့ဒါကြီးက ကိုးလို့ကန့်လန့်နိုင်တဲ့ ကိစ္စပဲလေ” လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။ လီယိုနာဒိုဟာ ယူနိုက်တက်က အလိုရှိနေတဲ့ ပိုချက်တီနိုကို လွယ်လွယ်နဲ့ လက်လွှတ်ခံမှာမဟုတ်ဘူးဆိုတာကိုလည်း ပြောကြားထားပြီးဖြစ်ပါတယ်။

ပီအက်စ်ဂျီကစားသမားတွေကတော့ ဇီဒန်းကို အလိုရှိနေတယ်လို့ဆိုကြပြီး ဇီဒန်းကိုယ်တိုင်ကလည်း မွေးရပ်မြေ ပြင်သစ်က နာမည်ကြီး အသင်းကို ကိုင်တွယ်ဖို့ ဆန္ဒရှိနေပါတယ်။