အာဖဂန်နစ္စတန်အထူးတပ်ဖွဲ့ က သူတွေကို ကိုယ်ရံတော်အဖြစ် ငှားထားတဲ့ ရော်နယ်ဒို

မန်ချက်စတာယူနိုက်တက် အသင်း တိုက်စစ်ကစားသမား ရော်နယ်ဒို ရဲ့ကိုယ်ရံတော်တွေဖြစ်တဲ့ အမြွှာတွေဟာ အာဖဂန်နစ္စတန်မှာရှိတဲ့ အထူးတပ်ဖွဲ့မှာ တာ၀န်ထမ်းဆောင်ခဲ့သူတွေဖြစ်တယ်လို့ မေရာ သတင်းက ဖော်ပြလိုက်ပါတယ်။အာဖဂန်နစ္စတန်မှာရှိတဲ့ အထူးတပ်ဖွဲ့မှာ စစ်သားတွေအဖြစ် တာ၀န်ထမ်းဆောင်ခဲ့တဲ့ သူတို့ (၂)ဦးဟာ ရော်နယ်ဒိုနဲ့ သူ့ရဲ့မိသားစုကို အကာအကွယ်ပေးနေတာဖြစ်ပါတယ်။

ပေါ်တူဂီ မဂ္ဂဇင်းဖြစ်တဲ့ flash က ဒီအမြွှာညီအစ်ကို (၂)ဦးကို မန်ချက်စတာယူနိုက်တက် အသင်းကြယ်ပွင့် ရော်နယ်ဒိုက ငှားရမ်းခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။သူတို့ ညီအစ်ကို (၂)ဦးမှာ နောက်ထပ်အမြွှာတဦးထပ်ရှိပြီး သူကတော့ ရဲအရာရှိအဖြစ် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

သတင်းရင်းမြစ်တခုက “ဆာဂျီယိုနဲ့ ဂျော့ခ်ျ တို့ဟာ သပ်သပ်ရပ်ရပ်နဲ့ ၀တ်စားဆင်ယင်တက်ပြီး ကြည့်ရတာ ပုံမှန်ပါပဲ။သူတို့ ဟာ လူအများအပြားနဲ့ ရောနှောနိုင်စွမ်းရှိပါတယ်။ဒါပေမယ့် သူတို့ဟာ မှန်ကန်တဲ့ အခိုက်အတန့်မှာတွေးခေါ်နိုင်တယ်၊မြင်နိုင်တာနဲ့ လုပ်ဆောင်ရာမှာမြန်ဆန်ပါတယ်”လို့ဆိုခဲ့တာဖြစ်ပါတယ်။

သူတို့တွေဟာ ကျောင်းအပြီးမှာ စစ်တပ်ထဲကို တန်းပြီး၀င်ရောက်ခဲ့ကြတာဖြစ်ပြီး (၁၉၆၂)က အန်ဂိုလာမှာ ဖန်တီးခဲ့တဲ့ ကွန်မန်ဒိုလို ခေါ်တဲ့ အထူးတပ်ဖွဲ့မှာလည်း တာ၀န်ထမ်းဆောင်ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ရော်နယ်ဒို ဟာသူ့ကို ကာကွယ်နိုငိတယ်ဆိုပြီး ယုံကြည်ရလို့ ငှားရမ်းခဲ့တာပါ။

ရော်နယ်ဒို ဟာ အရင်ကလည်း MMA တိုက်ခိုက်ရေးသမားဟောင်းနဲ့ လက်ရွေးစင်လေထီးသမားဟောင်း တဦးကိုလည်း ကိုယ်ရံတော်အဖြစ် ငှားရမ်းခဲ့တာဖြစ်ပါတယ်။MMA ဖိုက်တာဟောင်း ဆယ်လ်ဂါဒို ဟာ ကိဗ်မှာ ကစားခဲ့တဲ့ (၂၀၁၈) ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရော်နယ်ဒို ကို စောင့်ကြည့်နေပုံကို မြင်တွေ့ရတာလည်းဖြစ်ပါတယ်။

ကလေး(၄)ဦးရဲ့ဖခင်ဖြစ်တဲ့ ရော်နယ်ဒို ဟာ သူ့ရဲ့ပါတနာဖြစ်သူ ဂျီအိုဂျီနာ ရိုဒရီဂွတ်ဇ် တို့ဟာ ချက်ရှိုင်းယားမှာ နေထိုင်နေတာဖြစ်ပြီး နောက်ထပ်အမြွှာ(၂)ဦးထပ်မံမွေးဖွားဖွယ်ရှိတယ်လို့ ပြီးခဲ့တဲ့လက ကြေညာခဲ့တာလည်းဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် (၁၄)ပွဲပါ၀င်ကစားထားပြီး (၁၀)ဂိုးသွင်းယူထားကာ (၂)ဂိုးဖန်တီးခဲ့တာဖြစ်ပါတယ်။