ကိုဗစ်ကြောင့် ၉ဦးနဲ့သာ ကစားတဲ့ အသင်းကို ပထမပိုင်းမှာ ၇ဂိုးသွင်းခဲ့တဲ့ ဘင်ဖီကာ

ဘီလန်နတ်စ် အသင်းဟာ ကလပ်မှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ပြသနာတွေကြောင့် ဘင်ဖီကာ အသင်းနဲ့ ကစားခဲ့တဲ့ ပေါ်တူဂီလိဂ်ပွဲစဉ်မှာ ကစားသမား(၉)ဦးနဲ့ သာ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ဘီလန်နတ်စ် အသင်းဟာ ဒီပွဲမှာ ဂိုးသမား(၂)ဦးကို ပွဲထွက်စာရင်းမှာ အသုံးပြုခဲ့ရတာဖြစ်ပြီး လူစားလဲဖို့ ကစားသမားလည်းမရှိတာပါ။

ဒါပေမယ့် ဘီလန်နတ်စ် အသင်းဟာ ပထမအပိုင်းအပြီး ကွင်းထဲဝင်ရောက်လာချိန်မှာတော့ ကစားသမား(၇)ဦးသာ ရှိတော့တဲ့ အတွက် ပွဲကို ဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။‌‌ပေါ်တူဂီကလပ်ဟာ ဒီပွဲမတိုင်ခင်မှာ အသင်းကို ကိုဗစ်ပိုးရှိ မရှိစစ်ဆေးခဲ့ရာမှာတော့ ကစားသမားနဲ့ ဝန်ထမ်း(၁၇)ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာပါ။

ဘင်ဖီကာ အသင်းဟာ ဒီပွဲရဲ့ပထမပိုင်းမှာတင် ဘီလန်နတ်စ် အသင်းကို (၇)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။ဒုတိယပိုင်းမှာတော့ ဘီလန်နတ်စ် အသင်းဟာ ပွဲကစားဖို့ ကစားသမား(၇)ဦးသာ ရှိတာကြောင့် ပွဲကိုဖျက်သိမ်းခဲ့ပြီး ဘင်ဖီကာ အသင်းကို အနိုင်ပေးခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့တိုက်စစ်ကစားသမား ဘာနာဒိုဆေးလ်ဗားနဲ့ ဝုလ်ဗ်အသင်းကွင်းလယ်ကစားသမား ရူဘင်နာဗတ်စ် တို့ကို ဒီပွဲကို မရွှေ့ဆိုင်းခဲ့တဲ့ အပေါ်မှာ ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။

ဘာနာဒိုဆေးလ်ဗားက “ဒါကဘာလဲ?ဘာကြောင့် ပွဲကို မရွှေ့ဆိုင်းရတာလဲ ကျနော်ကပဲ ဒါကို နားမလည်တဲ့သူလား”လို့ တွစ်တာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ရူဘင်နာဗတ်စ် ကလည်း ဘာနာဒိုဆေးလ်ဗားရဲ့ပြောဆိုမှုကို “အမှန်ပဲ သူငယ်ချင်းရေ။ဒါကို တကယ် နားမလည်နိုင်အောင်ဖြစ်မိပါတယ်။မဟုတ်ရင် ငါတို့ကပဲ ကောင်းမွန်စွာ မတွေးတက်တာလားလို့” ရေးသားခဲ့တာပါ။ဘီလန်နတ်စ် အသင်း ဥက္ကဌ က သူတို့ဟာ ဒီပွဲကို ရွှေ့ဆိုင်းဖို့ မတောင်းဆိုခဲ့ပဲ ပွဲကစားနိုင်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

ရူအီပတ်ဒရို က “ကျွန်တော်တို့မှာ မှတ်ပုံတင်ထားတဲ့ ကစားသမား (၃၈)ဦးရှိပြီး သူတို့အားလုံးကို ယုံကြည်မှုရှိပါတယ်။ဒါကြောင့် ဆုံးဖြတ်ချက်တွေဟာ ကျန်းမာရေး အာဏာပိုင်တွေ အပေါ်မှာပဲမူတည်ပါတယ်။ကျနော်တို့ စောင့်ဆိုင်းမယ်။သူတို့ရဲ့ဆုံးဖြတ်ချက်ကို လေးစားမယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။