အိမ်ကွင်းမှာ (၄) ဂိုးပြတ်နဲ့နိုင်တာတောင် မပျော်ဘူးလုပ်နေပြန်တဲ့ ကလော့ပ်

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က မနေ့ညက ဆောက်သမ်တန်ကို အိမ်ကွင်းမှာ (၄) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပေမယ့် အသင်းရဲ့ အနေအထားကို မပျော်ရွှင်နိုင်ဘူးလို့ ဆိုလာပါတယ်။

ဒီပွဲမှာ လီဗာပူးက ပွဲကစားချိန် (၉၇) စက္ကန့်မှာရရှိခဲ့တဲ့ ဂျိုတာရဲ့ သွင်းဂိုးအပါအဝင် ပထမပိုင်းမှာတင် (၃) ဂိုးပြတ်နဲ့ ဦးဆောင်နေခဲ့တာပါ။

ဂျိုတာက ဒီပွဲမှာ အသင်းအတွက် (၂) ဂိုးသွင်းယူနိုင်ခဲ့ပြီး သီယာဂိုက တဂိုး၊ ဒုတိယပိုင်းမှာ ဗန်ဒိုက်ချ်က ထောင့်ကန်ဘောကတဆင့် တဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

လီဗာပူးအတွက် ပရီးမီးယားလိဂ် အိမ်ကွင်းနှစ်ပွဲဆက် (၄) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပေမယ့် ကလော့ပ်ကတော့ ပြိုင်ဘက်ကို အခွင့်အရေးပေးခဲ့ရတဲ့အပေါ် မပျော်နိုင်ဖြစ်နေတာပါ။

ပွဲအပြီးမှာ ကလော့ပ်က “တည်ငြိမ်မှုအကြောင်း ပြောရရင် ကျနော့်အနေနဲ့ ဒီနေ့မှာ အခွင့်အရေးတွေပေးခဲ့ရတာကို မပျော်နိုင်ပါဘူး။ ကျနော် အရိုးသားဆုံးပြောတာပါ”

“အယ်လစ်ဆန်က အခွင့်အရေးတွေကို ကာကွယ်နိုင်ခဲ့တာ ပြဿနာမရှိပေမယ့် ကျနော်တို့ ဒီအတွက် အလုပ်လုပ်ဖို့ လိုအပ်ပါတယ်။ တည်ငြိမ်ဖို့လိုအပ်တယ်၊ ခံစစ်ကစားတဲ့နေရာမှာ တတ်နိုင်သလောက် အညှာအတာ ကင်းမဲ့နေဖို့ လိုအပ်ပါတယ်”

“ကျနော်တို့အနေနဲ့ ကွင်းထဲမှာ အခွင့်အရေးတွေ ဖန်တီးပြီး ဂိုးတွေသွင်းနိုင်ရပါမယ်။ တပွဲနှစ်ဂိုးနှုန်း သွင်းနိုင်ဖို့ဆိုတာ အမြဲတမ်းမဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်တဲ့အခါမျိုးတွေလည်းရှိပြီး အဲ့ဒါဆိုရင်တော့ အရမ်းကောင်းတာပေါ့” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။