ပရိသတ်တွေရွေးချယ်တဲ့ ဘလွန်းဒီအော်အတွက် ဘောင်မဝင်ခဲ့တဲ့ မက်ဆီ

မနက်ဖြန်ညမှာတော့ ဘလွန်းဒီအော်ဆုပေးပွဲ အခမ်းအနားကို ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ဒီဆုကိုရဖို့ မက်ဆီက ရေပန်းစားနေပြီး လီဝန်ဒေါစကီးအတွက်လည်း မျှော်လင့်ချက်ရှိနေပါတယ်။

အဓိကအားဖြင့် မက်ဆီနဲ့လီဝန်ဒေါစကီးသာ ဒီဆုကိုရဖို့ ရေပန်းစားနေပေမယ့် ပရိသတ်တွေ ရွေးချယ်တဲ့ ဘလွန်းဒီအော်အတွက်တော့ မက်ဆီက အဆင့် (၃) နေရာမှာသာရှိနေတာပါ။

Transfermarkt က ကောက်ယူတဲ့ ဒီစစ်တမ်းမှာတော့ ပရိသတ်တွေက လီဝန်ဒေါစကီးရသင့်တယ်လို့ အများဆုံး ရွေးချယ်ခဲ့ကြပြီး ဒုတိယကတော့ လီဗာပူးအတွက် ခြေစွမ်းပြနေတဲ့ ဆာလာကို ရွေးချယ်ခဲ့ကြပါတယ်။

ဒီဆုအတွက် ကစားသမား (၃၂) ယောက်ကို ပြိုင်ပွဲကျင်းပတဲ့ပုံစံအတိုင်း အဆင့်ဆင့်ရွေးထုတ် မဲပေးခဲ့ကြရာမှာတော့ အခုလို ရလဒ်ထွက်ပေါ်လာခဲ့တာပါ။

ဒီမတိုင်ခင် တရက်ကလည်း လီဝန်ဒေါစကီးက ဘလွန်းဒီအော်ဆုအတွက် တတိယနေရာမှာသာ ရှိနေတယ်လို့ သတင်းတွေထွက်ခဲ့ပြီး မက်ဆီကသာ (၇) ကြိမ်မြောက် ဘလွန်းဒီအော်ဆုကို ဆွတ်ခူးပြီလို့ ကြားသိရပါသေးတယ်။

လီဝန်ဒေါစကီးဟာ မနှစ်တည်းက ဘလွန်းဒီအော်ရသင့်တဲ့ ကစားသမားဖြစ်ခဲ့ပေမယ့် ကိုဗစ်ကြောင့် ဆုပေးပွဲမကျင်းပဖြစ်ခဲ့တဲ့နောက် ဒီဆုနဲ့ လွဲချော်ခဲ့ရတာပါ။ ဂျော်ဂျင်ဟိုကလည်း ရေပန်းစားနေသေးပေမယ့် ဖြစ်နိုင်ခြေတော့ အင်မတန်နည်းပါးနေပါတယ်။

ရော်နယ်ဒိုကတော့ ဆုရဖို့ အခွင့်အရေးလုံးဝကို မရှိသလောက် နည်းပါးနေပြီး ဆုပေးပွဲ အခမ်းအနားကို တက်ရောက်ဖွယ်မရှိကြောင်းလည်း သိရှိရပါတယ်။