သူ ဂိုးသွင်းတာ ထိုင်ဆဲနေတဲ့ ပရိသတ်ကို သောက်ခွက်ပြောင်ပေးလိုက်ပြန်တဲ့ ဟာလန်း

မနေ့ညက ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲမှာ ဟာလန်းက ဒဏ်ရာပြန်လည်သက်သာလာပြီး ဒေါ့မွန် အတွက် ဝင်ကစားပေးခဲ့သလို ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။

အဝေးကွင်းမှာ ဝုလ်ဖ်ဘတ်ကို အနိုင်ရရှိခဲ့တဲ့ ဒီပွဲမှာ အိမ်ရှင် ဝုလ်ဖ်ဘတ်က ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပေမယ့် ဒေါ့မွန်က အမ်မရီကန်၊ မာလန်၊ ဟာလန်းတို့ရဲ့ ချေပဂိုးတွေ၊ အနိုင်ဂိုးတွေကြောင့် အနိုင်ရရှိခဲ့တာပါ။

ဟာလန်းဟာ တင်ပါးဆုံဒဏ်ရာကြောင့် (၁) လခွဲကြာ အနားယူနေရတာဖြစ်ပြီး ဒီပွဲမှာ ပွဲကစားချိန် (၇၃) မိနစ်မှ လူစားဝင်ကစားခဲ့တာဖြစ်ပါတယ်။

လူစားဝင်လာပြီး (၇) မိနစ်အကြာမှာပဲ ဟာလန်းက ဒေါ့မွန်အတွက် တတိယမြောက်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ဒီဂိုးအတွက် သူ့ကို ထိုင်ဆဲနေတဲ့ ဝုလ်ဖ်ဘတ်ပရိသတ်ကို ပြန်လည်နောက်ပြောင်ခဲ့တာပါ။

အဲ့ဒီပရိသတ်က လက်အိတ်ဝတ်ဆင်ထားပေမယ့် သူ့လက်အိတ်အောက်က လက်ချောင်းက ဘာလက်ချောင်းဖြစ်မယ်ဆိုတာကို ပရိသတ်အားလုံး ခန့်မှန်းမိပြီးသားဖြစ်ပါလိမ့်မယ်။

ဟာလန်းကလည်း ပြောင်စပ်စပ်နဲ့ပဲ ဒူးတဖက်ထောက်၊ လက်ညှိုးထိုး၊ မျက်လုံးမှိတ်ပြပြီး ဒီပရိသတ်ကို နောက်ပြောင်ခဲ့တာပါ။

ပွဲအပြီးမှာ ဟာလန်းရဲ့လုပ်ရပ်က ပရိသတ်တွေအတွက် သဘောကျစရာဖြစ်ခဲ့ပြီး ဟာလန်းကိုယ်တိုင်ကလည်း “အဲ့ဒါကြောင့် ကျနော်တို့တွေ ဘောလုံးကို ချစ်မြတ်နိုးနေရတာပေါ့” လို့ တွစ်တာကတဆင့် မှတ်ချက်ပေးခဲ့ပါတယ်။

ဟာလန်း ဒဏ်ရာရနေတဲ့ကာလအတွင်းမှာ ဒေါ့မွန်က ချန်ပီယံလိဂ်မှာ အုပ်စုကထွက်ခဲ့ရပြီး လက်ရွေးစင် နော်ဝေကလည်း ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။