တဂိုးတောင် ကျနော်တို့လှူလိုက်လို့ ရတာလို့ ယူနိုက်တက်ကို တူချယ်လ်လေတိုက်

ချဲလ်ဆီး နည်းပြ သောမတ်စ်တူချယ်လ်က မနေ့ညက ယူနိုက်တက်နဲ့ တဖက်တဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီးမှာ ပြိုင်ဘက် ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်အပေါ်ကို သုံးသပ်ပြောကြားလာပါတယ်။

ဒီပွဲမှာ ချဲလ်ဆီးက ပွဲချိန်ပြည့် ဖိအားပေးကစားခဲ့ပေမယ့် တကယ်တမ်းမှာတော့ ယူနိုက်တက်က ဦးဆောင်ဂိုးရခဲ့ပြီး ချဲလ်ဆီးတို့ နောက်က လိုက်ကစားခဲ့ရတာပါ။

ဂျော်ဂျင်ဟိုရဲ့ အမှားကတဆင့် ဆန်ချိုက လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေး ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးတို့ ပင်နယ်တီရခဲ့တာကြောင့်သာ အိမ်ကွင်းမှာ ရှုံးပွဲမကြုံခဲ့ရတာဖြစ်ပြီး ယူနိုက်တက်ကတော့ ပွဲအစအဆုံး ခံစစ်ကိုသာ အားပြုကစားခဲ့တာပါ။

ပွဲအပြီးမှာတော့ သောမတ်စ်တူချယ်လ်က “ယူနိုက်တက်က အခွင့်အရေးဖန်တီးနိုင်ခဲ့လား ဒါမှမဟုတ် အခွင့်အရေးတခုရဲ့ တဝက်လောက်ကို ဖန်တီးနိုင်ခဲ့လား ကျနော် မသိပါဘူး။ ဒါပေမယ့် ကျနော်တို့ ဂိုးပေးလိုက်ရပါတယ်”

“ကံမကောင်းစွာနဲ့ပဲ ကျနော်တို့က နှစ်ဂိုးသွင်းလိုက်တာပါ။ ကစားနေတဲ့နှစ်သင်းအတွက် တဂိုးစီပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ဒီပွဲမှာ ပွဲအစပိုင်းကနေ ပွဲပြီးဆုံးဖို့ နောက်ဆုံးမိနစ်အထိ အခွင့်အရေးတွေရရှိခဲ့ပေမယ့် ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီတဂိုးသာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ။

ဒီသရေပွဲကြောင့် ချဲလ်ဆီးတို့ ဒုတိယနေရာက အသင်းနဲ့ ရမှတ် (၁) မှတ်သာ ကွာဟတော့ပြီး အမှတ်ပေးဇယား ဦးဆောင်ခွင့်အတွက် ပိုမိုဖိအားများလာခဲ့ပါပြီ။