လေယာဥ်စီးလာရင်းနဲ့ပါ ဒဏ်ရာရတဲ့အထိ အဆင့်မြင့်လာတဲ့ တချိန်က ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း

လီဗာပူးနဲ့ ချဲလ်ဆီးတို့ရဲ့ တိုက်စစ်မှူးဟောင်း ဒန်နီယဲယ် စတာရစ်ချ်ဟာ ပွဲကစားဖို့ အဝေးကွင်းကို လေယာဥ်နဲ့အသွားမှာ ဒဏ်ရာရရှိခဲ့တာကြောင့် အသင်းပိုင်ရှင်ပါ အံ့အားသင့်ခဲ့ရတယ်လို့ သိရပါတယ်။

စတာရစ်ချ်ဟာ အရည်အချင်းရှိတဲ့ တိုက်စစ်မှူးတယောက်ဖြစ်ပေမယ့် သူ့ရဲ့ ဒဏ်ရာမှတ်တမ်းတွေက သူ့ရဲ့ ကစားသမားဘဝကို ထိခိုက်စေခဲ့ပြီး အခုချိန်မှာတော့ အေလိဂ်ကလပ် ပါ့သ်ဂလိုရီမှာ သွားရောက်ကစားနေတာပါ။

ပါ့သ်ဂလိုရီဟာ ပွဲကစားဖို့အတွက် မဲလ်ဘုန်းမြို့ကို (၄) နာရီကြာ လေယာဥ်စီးသွားခဲ့ရပြီး စတာရစ်ချ်လည်း လိုက်ပါသွားခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း ပွဲကစားချိန်မှာတော့ စတာရစ်ချ်က အရံစာရင်းမှာတောင် မပါဝင်ခဲ့တာကြောင့် အသင်းပိုင်ရှင်က နည်းပြဆီကို ဖုန်းဆက်မေးခဲ့ရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ ပါ့သ်ဂလိုရီပိုင်ရှင် ဆာဂျီက “ကျနော် ကစားသမားစာရင်းကို ကြည့်လိုက်တော့ စတာရစ်ချ်မပါတော့ ဘာဖြစ်တာလဲလို့ လှမ်းမေးရတာပေါ့။ နည်းပြ ရစ်ချက်ဂါစီယာပြောတာကတော့ စတာရစ်ချ်တယောက် လေယာဥ် (၄) နာရီ စီးပြီးတဲ့နောက် ကစားဖို့ အဆင်မပြေတော့ဘူးတဲ့”

“လေယာဥ်ပေါ်က ဆင်းလာတဲ့အချိန်မှာ နာကျင်နေပြီး အသင်းအစည်းအဝေးလုပ်တဲ့အချိန်မှာ ကစားဖို့ မဖြစ်နိုင်တော့ပါဘူး။ အဲ့ဒါနဲ့ပဲ ချန်ခဲ့ရတာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။

ပါ့သ်ဂလိုရီဟာ (၂၀၂၁) မကုန်ခင် (၁) လအတွင်း လေယာဥ်စီးပြီး နောက်ထပ် (၇) ပွဲကစားဖို့ ရှိနေတာကြောင့် ဒဏ်ရာသားကောင်ဖြစ်နေတဲ့ စတာရစ်ချ်အတွက် အဆင်ပြေပါ့မလား စောင့်ကြည့်ရတော့မှာပါ။