တက်တူးထိုးတဲ့ ကစားသမားတွေဆို သိပ်မကြိုက်တဲ့ ယူနိုက်တက်ရဲ့နည်းပြသစ်

ယူနိုက်တက်ရဲ့ ယာယီနည်းပြသစ်ဖြစ်လာမယ့် ရန်းနစ်ဂ်ဟာ တက်တူးထိုးတဲ့ ကစားသမားတွေကို သဘောကျနှစ်သက်ခြင်းမရှိဘူးဆိုတာကို အင်တာဗျူးတခုမှာ အရိပ်အမြွက် ပြောကြားခဲ့ဖူးပါတယ်။

လက်ရှိ မော်ဒန်ဘောလုံးလောကမှာ ကစားသမားတွေအတွက် တက်တူးဆိုတာက ဖက်ရှင်တခုလိုဖြစ်လာပြီး ရန်းနစ်ဂ်သာ အမှန်တကယ် တက်တူးကိုကြည့်ဆုံးဖြတ်မယ်ဆိုရင်တော့ သူ့အတွက်ရော၊ ကစားသမားတွေအတွက်ပါ ခက်ခဲနိုင်ခြေရှိပါတယ်။

ရန်းနစ်ဂ်က “ကျနော်ပြောတာက အမှန်တရားတော့မဖြစ်နိုင်ပေမယ့် တိုက်ဆိုင်မှုဖြစ်နိုင်ပါတယ်။ ဘောလုံးကစားနည်းမှာက အသင်းလိုက် ကစားသမားတွေကို လိုအပ်တာပါ။  ဂိုးသွင်းပြီးရင် အနည်းဆုံးတော့ ဂိုးဖန်တီးပေးတဲ့ ကစားသမားနဲ့ အတူတူအောင်ပွဲခံသင့်ပါတယ်”

“တက်တူးနဲ့ အောင်ပွဲခံရမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့အနေနဲ့ သူတို့ရဲ့ ကိုယ်ပေါ်မှာ ဘာလို့ တက်တူးထိုးထားလဲဆိုတာကို ဆွေးနွေးရပါမယ်။ ဒါက အာရုံစိုက်ခံချင်လို့ဖြစ်နိုင်ပါတယ်”

“ကစားသမားတွေကို ကျနော်က မတွေ့ခင်တည်းက မင်းတက်တူးပြဦး၊ မင်း ဘယ်နေရာမှာ တက်တူးထိုးထားတာလဲ မမေးပါဘူး။ အချို့ ကစားသမားတွေကတော့ တက်တူးထိုးထားတာဖြစ်ကောင်းဖြစ်နိုင်တာပေါ့။ ဒါပေမယ့် အနည်းဆုံးတော့ သူတို့က ခင်ဗျားမြင်နိုင်တဲ့ နေရာမှန်သမျှ ထိုးထားတာမျိုးမရှိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိ ယူနိုက်တက်မှာ တက်တူးကင်းစင်တဲ့ အဓိက,ကစားသမားဆိုလို့ ရော်နယ်ဒိုပဲရှိတယ်လို့ဆိုနိုင်ပြီး ကျန်တဲ့ အဓိက,ကစားသမားအများစုကတော့ တက်တူးကိုယ်စီနဲ့ပါ။

ဒါပေမယ့် ရန်းနစ်ဂ်အတွက်တော့ ယူနိုက်တက်မှာ ဒီတက်တူးကိစ္စက နောက်ဆုံးမှာသာရှိနေမယ်လို့သိရပြီး သူ့ရဲ့ကစားဟန်၊ နည်းစနစ်မှာ အသားကျတဲ့ ကစားသမားတိုင်း အခွင့်အရေးရလာဖို့တော့ရှိနေပါတယ်။