ဘောလွန်းဒီအောဆုကို စံချိန်တင်(၇)ကြိမ်မြောက်ရယူနိုင်ခဲ့တဲ့ မက်ဆီ

ပီအက်စ်ဂျီ အသင်းတိုက်စစ်ကစားသမား မက်‌ဆီ ဟာ ဒီမနက်က ပြုလုပ်ခဲ့တဲ့ အခုနှစ်အတွက် ဘောလွန်းဒီအောဆုပေးပွဲမှာ ဒီဆုကို စံချိန်တင်(၇)ကြိမ်မြောက် ရယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

အသက်(၃၄)နှစ်အရွယ်ရှိ မက်‌ဆီ ဟာ အခုနှစ်အတွင်း အာဂျင်တီးနား လက်ရွေးစင် အသင်းနဲ့ အတူ ပထမဆုံး ဆုဖလားအဖြစ် ကိုပါအမေရိကဖလားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။မက်ဆီ ဟာ အခုနှစ်ထဲမှာ သွင်းဂိုး(၄၀)သွင်းယူနိုင်ခဲ့ပြီး ဘာစီလိုနာ အတွက်(၂၈)ဂိုး၊အာဂျင်တီးနား အတွက်(၈)ဂိုးနဲ့ ပီအက်စ်ဂျီ အတွက်(၄)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

လီဝန်ဒေါစကီး က ဒုတိယ၊ဂျော်ဂျင်ဟိုက တတိယ၊ဘန်ဇီမာက စတုတ္တနဲ့ ကန်တီ က ပဉ္စမနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ရော်နယ်ဒို က နံပတ်(၆)နေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီ အတွက်တော့ အခုတကြိမ်အပါအဝင် ဘောလွန်းဒီအောဆုကို (၂၀၀၉)၊(၂၀၁၀)၊(၂၀၁၁)၊(၂၀၁၂)၊(၂၀၁၅)နဲ့ (၂၀၁၉) တွေမှာ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။မက်ဆီ က “ဒီကို ထပ်ရောက်လာရတာ မယုံနိုင်စရာပါပဲ။လွန်ခဲ့တဲ့(၂)နှစ်လောက်က ကျွန်တော်နောက်ဆုံးအကြိမ်ရခဲ့တာလို့ပဲတွေးခဲ့တာပါ”

“ကျွန်တော် အနားယူမယ့် အချိန်ကို လူတွေက စပြီးမေးနေကြပေမယ့် အခုပဲရစ်ကို ရောက်နေရတာ အလွန်ပျော်ရွှင်ပါတယ်။ကိုပါအမေရိကဖလားနဲ့ အတူ ဒီနှစ်က ကျွန်တော့်အတွက် အလွန်ကောင်းမွန်တဲ့နှစ်ပါ။ဗိုလ်လုပွဲမှာ ဘရာဇီးလ် ကို အနိုင်ရခဲ့တာဟာ အဓိပ္ပါယ်အများကြီးရှိပါတယ်”

“အာဂျင်တီးနား က လူတွေနဲ့ အောင်ပွဲခံရတာကလည်း အလွန်ပျော်ဖို့ကောင်းပါတယ်။ဒီနှစ်က ကျွန်တော့်ဘဝရဲ့အကောင်းဆုံးနှစ် ဟုတ်မဟုတ်တော့ မသိပါဘူး။ကျွန်တော့်ကစားသမားဘဝက ကြာရှည်နေပါပြီ။ဒါပေမယ့် ဝေဖန်မှုတွေကြားက အာဂျင်တီးနားနဲ့ ချန်ပီယံဖြစ်ခဲ့တာက ထူးခြားတဲ့နှစ်ဖြစ်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

အမျိုးသမီး ဘောလွန်းဒီအောဆုကိုတော့ ဘာစီလိုနာ အသင်းခေါင်းဆောင် ပူတယ်လ်လက်စ် က ရရှိသွားခဲ့ပြီး ဘာစီလိုနာ ကစားသမား ပီဒရီက အကောင်းဆုံးလူငယ်ကစားသမားဆုရခဲ့ပါတယ်။

အီတလီဂိုးသမား ဒွန်နာရမ်မာ က အကောင်းဆုံးဂိုးသမားဆုဖြစ်တဲ့ ယာရှင်ဆုဖလားကို ရရှိခဲ့ပြီး အကောင်းဆုံး အသင်းဆုကို ချယ်လ်ဆီး အသင်းက ရရှိသွားခဲ့ပါတယ်။

No