၂၀၂၀ ဘောလွန်းဒီအောဆုကို လီဝန်ဒေါစကီး ကို ပေးဖို့ တောင်းဆိုလိုက်တဲ့ မက်ဆီ

မက်ဆီ ကတော့ ဘိုင်ယန်မြူးနစ် အသင်း တိုက်စစ်မှူး လီဝန်ဒေါစကီး ဟာ ဘောလွန်းဒီအောဆုရဖို့ ထိုက်တန်တယ်လို့ ပြောလိုက်ပါတယ်။လီဝန်ဒေါစကီး ဟာ အခုနှစ်မှာ ဒီဆုကို ရယူနိုင်ဖို့ မက်ဆီနဲ့ အပြိုင်ရေပန်းစားခဲ့ပေမယ့် မက်ဆီကပဲ (၇)ကြိမ်မြောက်အဖြစ် ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

လီဝန်ဒေါစကီး ဟာ ပြီးခဲ့တဲ့နှစ်တည်းက ဘောလွန်းဒီအောရဖို့ ရေပန်းစားခဲ့တာဖြစ်ပေမယ့် ပြိုင်ပွဲကျင်းပရေးက မနှစ်က ဒီဆုပေးပွဲကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖျက်သိမ်းခဲ့လို့ နစ်နာခဲ့ရတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် တိုက်စစ်မှူးဟာ ဒီနှစ်မှာတော့ မက်ဆီ ရဲ့နိုင်ငံလက်ရွေးစင် အသင်းနဲ့ အတူ ကိုပါအမေရိကဖလား ရယူနိုင်ခဲ့တဲ့ အောင်မြင်မှုကြောင့် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် လီဝန်ဒေါစကီး ဟာ အခုနှစ်ဆုပေးပွဲအတွက် ဆုအသစ်ဖြစ်တဲ့ တနှစ်တာ အကောင်းဆုံး တိုက်စစ်မှူး ဆုကို ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။မက်ဆီ က” ရောဘတ်ရေ ခင်ဗျား ဘောလွန်းဒီအောဆုကို ရယူနိုင်ဖို့ ထိုက်တန်ပါတယ်”

“မနှစ်ကတုန်းက ခင်ဗျားဒီဆုကို ရမယ်ဆိုတာကို အားလုံးက သဘောတူလက်ခံထားကြတာဖြစ်ပါတယ်။သူ့ရဲ့အထက်ကနေ ဒီဆုကို ရယူနိုင်ခဲ့တာက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ”လို့ ပြောခဲ့တာဖြစ်ပါတယ်။

လီဝန်ဒေါစကီး ဟာ အခုနှစ်အတွင်းမှာ ပြိုင်ပွဲစုံ (၅၃)ဂိုးအထိ သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အခုနှစ် ဘောလွန်းဒီအော အတွက် မဲပေးခဲ့ရာမှာ မက်ဆီက (၆၁၃)မှတ်ရရှိခဲ့ပြီး လီဝန်ဒေါစကီးက (၅၈၀)မှတ်နဲ့ ဂျော်ဂျင်ဟို က (၄၆၀) မှတ်ရရှိခဲ့တာဖြစ်ပါတယ်။

မက်ဆီ ကတော့ ဘောလွန်းဒီအောဆုကို စံချိန်တင်(၇)ကြိမ်မြောက် ရယူနိုင်ခဲ့တာဖြစ်ပြီး ကာလကြာရှည်ပြိုင်ဘက် ရော်နယ်ဒို ထက် (၂)ကြိမ်အသာရသွားခဲ့ပြီလည်းဖြစ်ပါတယ်။