ဘလွန်းဒီအော်ဆုက သောက်တလွဲဖြစ်နေလို့ မစ္စတာဘင်းမျက်နှာပြောင်းသွားတဲ့ အမ်ဘာပေ

ပြင်သစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ လူငယ်တိုက်စစ်ကစားသမားလေး အမ်ဘာပေဟာ မနေ့ညက ဘလွန်းဒီအော်ဆုပေးပွဲမှာ စိတ်အခန့်မသင့်စရာ ကိစ္စတခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ ဒီဆုပေးပွဲကို ရောက်ရောက်ချင်း အမ်ဘာပေတယောက် ပြုံးပြုံးရွှင်ရွှင်ရှိနေခဲ့ပေမယ့် သူ့ရဲ့ ဘလွန်းဒီအော်အဆင့်သတ်မှတ်ချက်ကို ကြေညာလိုက်ချိန်မှာတော့ စိတ်ပျက်သွားခဲ့တာပါ။

အမ်ဘာပေဟာ ဒီဆုပေးပွဲမှာ အက်သလက်တီကိုတိုက်စစ်မှူး ဆွာရက်ဇ်၊ အသင်းဖော် မက်ဆီတို့အကြားမှာ ထိုင်နေခဲ့ပြီး မျက်နှာအမူအရာက ထိန်းမရသိမ်းမရအောင် ပျက်သွားခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေအနေနဲ့ ဘလွန်းဒီအော်အဆင့် သတ်မှတ်ချက်မှာ အဆင့် (၉) သာရရှိခဲ့တာပါ။ သူ့အနေနဲ့ (၂၀၂၁) မှာ (၄၅) ဂိုးသွင်း၊ ဂိုးဖန်တီးမှု အကြိမ် (၂၀) ပြုလုပ်ထားပေမယ့် ဒီဘရိုင်း၊ ဆာလာ၊ ရော်နယ်ဒို၊ ကန်တေ၊ ဘန်ဇီမာနဲ့ ဂျော်ဂျင်ဟိုတို့နောက်ကိုပါ ရောက်ရှိသွားခဲ့ပါတယ်။

ဘလွန်းဒီအော်ဆုကိုတော့ မက်ဆီကပဲ သူ့ရဲ့ ကစားသမားဘဝအတွက် (၇) ကြိမ်မြောက်အဖြစ် ဆွတ်ခူးနိုင်ခဲ့ပြီး ရေပန်းစားနေတဲ့ လီဝန်ဒေါစကီးကတော့ ဒီဆုနဲ့ လွဲချော်ခဲ့ရပြန်ပါတယ်။

လီဝန်ဒေါစကီးကတော့ တနှစ်တာ အကောင်းဆုံး တိုက်စစ်မှူးဆုကိုရရှိခဲ့ပေမယ့် ဒီဆုက သူ့ကို ဘလွန်းဒီအော်မပေးလို့ နှစ်သိမ့်ဆုအနေနဲ့ ထပ်တိုးပေးတယ်လို့သာ ပရိသတ်တွေက ဝေဖန်နေကြပါတယ်။