ဘလွန်းဒီအော်ဆုပေးတဲ့အကြီးအကဲကို လူလိမ်ဆိုပြီး ရော်နယ်ဒိုပေါက်ကွဲနေ

ရော်နယ်ဒိုကတော့ ဘလွန်းဒီအော်ဆုပေးပွဲကို ကြီးမှူးကျင်းပတဲ့ အယ်ဒီတာချုပ်ကို လူလိမ်လို့ အကြီးအကျယ်ပေါက်ကွဲခဲ့ပါတယ်။

ရော်နယ်ဒိုအနေနဲ့ ကစားသမားဘဝ အနားမယူခင်မှာ မက်ဆီထက် ဘလွန်းဒီအော် ပိုများအောင် ယူသွားဖို့ ဆန္ဒရှိနေတယ်လို့ အဆိုပါ အယ်ဒီတာချုပ် ပါစကယ်ဖာရီက ဆိုခဲ့ပါတယ်။

ဒါပေမယ့် ဒီစကားတွေက အခြေအမြစ်မရှိဘူးလို့ ရော်နယ်ဒိုက ပေါက်ကွဲခဲ့တာဖြစ်ပြီး အခုလိုပဲ တုံ့ပြန်လာခဲ့တာပါ။

ရော်နယ်ဒိုက “ပါစကယ်က လိမ်ညာခဲ့တာပါ။ သူ့ကိုသူနဲ့ သူလုပ်နေတဲ့အလုပ်ကို လူပိုသိလာအောင် သူက ဒီလိုလုပ်သွားခဲ့တာပါ။ ဒီလိုမျိုး ဘလွန်းဒီအော်ဆုကို ကြီးမှူးကျင်းပနေတဲ့ လူတယောက်က ဒါမျိုးလုပ်နေတာကို ကျနော် လက်မခံနိုင်ပါဘူး”

“ဒီဆုကို တရားမျှတစွာ ရသွားတဲ့ သူတိုင်းအတွက် ကျနော် ဂုဏ်ပြုပေးနိုင်ပြီး ဒီအတွက်လည်း ဘယ်သူ့ကိုမှ ကျနော် ဆန့်ကျင်နေမှာမဟုတ်ပါဘူး။ ကျနော်က ကိုယ့်အတွက်၊ ကျနော်ကိုယ်စားပြုနေတဲ့ အသင်းအတွက် အမြဲတမ်း အနိုင်ရလိုပါတယ်”

“ကျနော့်ရဲ့ အကြီးမားဆုံးရည်မှန်းချက်က ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ချန်ပီယံဆုတွေ ဆွတ်ခူးပေးနိုင်ဖို့ပါ။ နောက်ပြီး ပရော်ဖက်ရှင်နယ် ဘောလုံးသမားဖြစ်ချင်သူတိုင်းအတွက် ကျနော်က စံပြပုဂ္ဂိုလ်တယောက်ဖြစ်ချင်ပါတယ်”

“နောက်ထပ် အကြီးမားဆုံး ရည်မှန်းချက်တခုကတော့ ဘောလုံးသမိုင်းက ရွှေပေလွှာမှာ ကျနော့်နာမည်ကို ချန်ရစ်နိုင်ခဲ့ဖို့ပါပဲ။ အခုချိန်မှာ ကျနော်က ယူနိုက်တက်ရဲ့ လာမယ့်ပွဲစဥ်တွေအတွက်ပဲ အာရုံစိုက်ထားပါတယ်” လို့ သူ့ရဲ့ အင်စတာဂရမ်ကတဆင့် စာအရှည်ရေးပြီး ပေါက်ကွဲသွားခဲ့တာဖြစ်ပါတယ်။