ဘောလွန်းဒီအောမှာ မက်ဆီ ကို မရမက အသာစီးရယူထားနိုင်သေးတဲ့ ရော်နယ်ဒို

ရော်နယ်ဒို ကတော့ အခုနှစ်အတွက် ဘောလွန်းဒီအောဆုပေးပွဲမှာ နံပတ်(၆)နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး မက်ဆီ ကတော့ ဒီဆုကို စံချိန်တင်(၇)ကြိမ်မြောက်အဖြစ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ရော်နယ်ဒို ဟာ ဘောလွန်းဒီအောသမိုင်းမှာ ရမှတ်အများဆုံးသူအဖြစ် မက်ဆီ ရဲ့အထက်မှာ ရှိနေတယ်လို့ အချက်အလက်တွေက ဖော်ပြခဲ့ပါတယ်။ရော်နယ်ဒို ဟာ ဘောလွန်းဒီအောဆုကို (၅)ကြိမ်ရရှိထားတာဖြစ်ပါတယ်။

ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ ဆန်ကာစာရင်းမှာ ရမှတ်ပေါင်း(၃၇၈၁) မှတ်နဲ့ အမှတ်အများဆုံးအဖြစ် ရပ်တည်နေတာဖြစ်ပြီး မက်ဆီ ကတော့ (၃၅၇၄)မှတ် ရရှိထားတာပါ။

ရော်နယ်ဒို နဲ့ မက်ဆီ တို့ဟာ (၂၀၁၈) က မိုဒရစ် ရရှိခဲ့တဲ့ အကြိမ်ကလွဲပြီး (၂၀၀၈) ကနေ (၂၀၁၉) အထိ ဘောလွန်းဒီအောဆုကို တလှည့်စီ ယူနေတာဖြစ်ပြီး (၂၀၂၀) မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ(၂၀၂၀) ကတော့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီး ရရှိဖို့ ထိုက်တန်ခဲ့တာဖြစ်ပြီး ဆုပေးပွဲဖျက်သိမ်းခဲ့လို့ နစ်နာခဲ့ရတာဖြစ်ပါတယ်။ဒီနှစ်မှာလည်း လီဝန်ဒေါစကီး ဟာ ရရှိဖို့ ရေပန်းစားနေပေမယ့် မက်ဆီကပဲ (၇)ကြိမ်မြောက်အဖြစ် သိမ်းပိုက်နိုင်ခဲ့တာပါ။

အခုနှစ်အတွက် မက်ဆီ ဘောလွန်းဒီအော ရခဲ့လို့ မထိုက်တန်ဘူးဆိုပြီး တိုနီကရူးစ် အပါအဝင် ကစားသမားဟောင်းအချို့နဲ့ ဝေဖန်သုံးသပ်သူတွေ အချို့က ပြောဆိုထားခဲ့တာလည်းဖြစ်ပါတယ်။မက်ဆီ ဟာ အခုနှစ်အတွက် ဆုကို ရမှတ် (၆၁၃)မှတ်နဲ့ ရယူနိုင်ခဲ့တာပါ။

လီဝန်ဒေါစကီးက (၅၈၀)မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်ခဲ့ပြီး ဂျော်ဂျင်ဟိုက တတိယ၊ဘန်ဇီမာ က စတုတ္တနေရာတွေမှာ ရပ်တည်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။