ရော်နယ်ဒို ကြောက်ဒူးတုန်သွားစေမယ့် အာဆင်နယ်နောက်ခံလူ ဂါဘရီရဲယ်ရဲ့ သတင်းကြမ်း

အာဆင်နယ်နောက်ခံလူ ဂါဘရီရဲယ်ဟာ သူ့ဆီကနေ လုယက်ဖို့ ကြိုးစားခဲ့တဲ့ ဓားပြနှစ်ယောက်ကို ပြန်လည်ခုခံခဲ့တယ်လို့ သိရှိရပါတယ်။

ဂါဘရီရဲယ်နဲ့ သူ့ရဲ့ သူငယ်ချင်းတို့ဟာ ဂါဘရီရဲယ်ရဲ့ မာစီးဒီးစ်ကားနဲ့အတူ အပြင်ကပြန်လာချိန်မှာ ဓားပြတွေက ကားသော့၊ ဖုန်းနဲ့နာရီတို့ကို တောင်းယူခဲ့တာပါ။

စီစီတီဗီမှတ်တမ်းတွေအရ ဂါဘရီရဲယ်က သူ့ရဲ့ကားသော့နဲ့ နာရီတို့ကို ဓားပြတွေကို ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီဓားပြက ဂါဘရီရဲယ်ကို နံပါတ်တုတ်နဲ့ ရိုက်ခဲ့တဲ့နောက် ဂါဘရီရဲယ်ကလည်း သည်းမခံနိုင်တော့ဘဲ ဒီဓားပြရဲ့ မျက်နှာဖုံးကို ဆွဲချွတ်ကာ ပြန်လည်တိုက်ခိုက်ပစ်ခဲ့တာပါ။

အဲ့ဒါကြောင့်လည်း ဓားပြတွေကတော့ ထွက်ပြေးသွားခဲ့ရပြီး စီစီတီဗီမှာပေါ်လာတဲ့ ရုပ်ပုံတွေအရ လုယက်သူတွေထဲက တယောက်ဟာ အသက် (၂၆) နှစ်အရွယ် မူဆေးဖြစ်တယ်လို့သိရပြီး အရင်တည်းက ပြစ်မှုမှတ်တမ်းရှိတယ်လို့ သိရှိရပါတယ်။

မူဆေးဟာ လက်နက်ကိုင်ဆောင်မှု၊ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုတွေနဲ့ ပြစ်ဒဏ်မျိုးစုံ ကျခံဖူးသူဖြစ်ပြီး အခုချိန်မှာလည်း ဂါဘရီရဲယ်ဆီက လုယက်ဖို့ ထပ်မံကြိုးစားခဲ့တာပါ။

လန်ဒန်မြောက်ပိုင်းမှာပဲ နေထိုင်တဲ့ ဒီအမျိုးသားဟာ ဂါဘရီရဲယ်မို့လို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ချဥ်းကပ်ခဲ့တာမျိုးမရှိဘဲ သူ့ရဲ့ကြွယ်ဝချမ်းသာမှုကို အကဲဖြတ်ကာ လုယက်ဖို့ ကြိုးစားခဲ့ဟန်ရှိတယ်လို့ သုံးသပ်ရပါတယ်။

ဂါဘရီရဲယ်ဟာ မနက်ဖြန်ညမှာ အဝေးကွင်းပွဲအဖြစ် အာဆင်နယ်နဲ့အတူ ယူနိုက်တက်ကို သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဒီဖြစ်ရပ်ဖြစ်ပွားခဲ့ပေမယ့် အဲ့ဒီပွဲမှာတော့ ပါဝင်နိုင်ဖို့ ရှိနေပါတယ်။