ဂိမ်းထဲမှာ ကိုယ့်ဘော်ဒါကို အနိုင်ကျင့်သလိုရလဒ်မျိုး အပြင်မှာပါ လုပ်ပြလိုက်တဲ့ အင်္ဂလန်အသင်း

အင်္ဂလန် အမျိုးသမီး လက်ရွေးစင် အသင်းဟာ လတ်ဗီးယား အမျိုးသမီး လက်ရွေးစင် အသင်းကို သမိုင်းဝင် ဂိုးပြတ်နိုင်ပွဲနဲ့အတူ အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီပွဲမှာ အင်္ဂလန်အမျိုးသမီးအသင်းက ၂၀-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု (ဒီ) မှာ ကျရောက်နေတဲ့ ဒီနှစ်သင်းဟာ မနေ့က ယှဥ်ပြိုင်ကစားခဲ့တာဖြစ်ပြီး အင်္ဂလန်က ကစားသမား (၄) ယောက်က ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။

ဒါဟာ သမိုင်းတလျှောက် အင်္ဂလန်အတွက် ဂိုးအပြတ်ဆုံး နိုင်ပွဲတပွဲလည်းဖြစ်ခဲ့တာပါ။ ဒီမတိုင်ခင် ဂိုးအပြတ်ဆုံးနိုင်ပွဲအဖြစ် စံချိန်တင်ထားတာကတော့ ပြီးခဲ့တဲ့ (၂၀၀၅) မှာ ဟန်ဂေရီကို ၁၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲဖြစ်ပါတယ်။

ဒီပွဲမှာ အင်္ဂလန်အတွက် ဟက်ထရစ်သွင်းယူပေးခဲ့တဲ့ ကစားသမားတွေကတော့ အယ်လန်ဝှိုက်၊ လောရန်ဟမ့်၊ ဘတ်သ်မိ၊ ရက်ဆိုတို့ ဖြစ်ကြပါတယ်။

မန်စီးတီးကစားသမားဖြစ်တဲ့ အယ်လန်ဝှိုက်ကတော့ ဒီပွဲမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် အင်္ဂလန်အမျိုးသမီး အသင်း သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာခဲ့ပါပြီ။

အင်္ဂလန်ဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု (၈၆) ရာခိုင်နှုန်းအထိရှိခဲ့ပြီး ပြိုင်ဘက်ဂိုးပေါက်ကို (၆၃) ကြိမ်အထိ ကန်သွင်းခဲ့တာပါ။

ဒါပေမယ့် လတ်ဗီးယားကတော့ အင်္ဂလန်ပြုသမျှနုခဲ့ရပြီး အင်္ဂလန်ဂိုးပေါက်ကို တကြိမ်တောင် ပြန်လည်မခြိမ်းခြောက်နိုင်ခဲ့ဘူးလို့ သိရှိရပါတယ်။