နန်းကျဘုရင်ကြီး မန်ယူက အာဆင်နယ်ထက်တော့ နည်းနည်းသာပါသေးတယ်လို့ အိုဝင်ပြောကြား

ပရီးမီးယားလိဂ်ပွဲစဥ်တွေကို ခန့်မှန်းပေးနေကျ မိုက်ကယ်အိုဝင်ကတော့ မနက်ဖြန်ညမှာ ကစားမယ့် ယူနိုက်တက်နဲ့အာဆင်နယ်ပွဲမှာ ယူနိုက်တက်ကသာ အနိုင်ရသွားမယ်လို့ ခန့်မှန်းပေးလိုက်ပါတယ်။

ပရီးမီးယားလိဂ်မှာ မဟာပြိုင်ဘက်တွေဖြစ်ကြတဲ့ ဒီနှစ်သင်းက ဒီရာသီအတွက် ပထမဆုံး တွေ့ဆုံကြမှာပါ။

လတ်တလောမှာ အာဆင်နယ်က ရလဒ်ကောင်းနေပေမယ့် ယူနိုက်တက်ကတော့ ပရီးမီးယားလိဂ်မှာ နိုင်ပွဲတွေ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိုဝင်ကတော့ ယူနိုက်တက်နဲ့ အာဆင်နယ်ပွဲမှာ ယူနိုက်တက်နိုင်မယ့်အကြောင်း အခုလိုပဲ ပြောကြားခဲ့ပါတယ်။

မိုက်ကယ်အိုဝင်က “ယူနိုက်တက်နဲ့အာဆင်နယ်ပွဲက ယူနိုက်တက်တို့ နည်းပြသစ်ခန့်တာနဲ့အတူ ဒီတပတ်ရဲ့ သတင်းခေါင်းကြီးပိုင်းတွေမှာ နေရာယူထားပါတယ်။ ဒါပေမယ့် ဘာမှခြားနားမှုမရှိပါဘူး”

“ယူနိုက်တက်ရဲ့ ကစားပုံလည်း ပြောင်းလဲဦးမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်ကတော့ ဒီပွဲအတွက် ယူနိုက်တက်ကို ပိုမိုယုံကြည်ပါတယ်။ အာဆင်နယ်အတွက် တိုးတက်မှုတွေရှိတာလည်း သေချာတာပေါ့”

“ဒါပေမယ့် အရိုးသားဆုံးပြောရရင် သူတို့က ယူနိုက်တက်နောက်မှာပဲ ရှိနေတုန်းပါ။ အဲ့ဒီတော့ ဒီပွဲမှာ အိမ်ရှင်သရဲနီတွေပါ အနိုင်ယူသွားမယ်ဆိုတာ ကျနော်ပြောလိုပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

အိုဝင် ခန့်မှန်းပေးခဲ့တဲ့ ရလဒ်ကတော့ ယူနိုက်တက် ၂-၁ အာဆင်နယ်ဖြစ်ပါတယ်။ လက်ရှိအချိန်အထိတော့ ယူနိုက်တက်ကို ယာယီနည်းပြ ရန်းနစ်ဂ်ကိုင်တွယ်ဦးမှာမဟုတ်ဘဲ ကာရစ်ကသာ ဆက်လက်ကိုင်တွယ်သွားဦးမှာဖြစ်တယ်လို့လည်း သိရပါတယ်။