မက်ဆီ မရဖူးသေးတဲ့ Golden Foot ဆုကို အခုနှစ်အတွက် အရယူလိုက်တဲ့ ‌ဆာလတ်

လီဗာပူးလ် အသင်းတိုက်စစ်ကစားသမား ဆာလတ် ကတော့ အခုနှစ်အတွက် Golden Foot ဆုကို ရယူသွားခဲ့ပါတယ်။မိုနာကိုမှာ ပြုလုပ်ခဲ့တဲ့ ဒီဆုပေးပွဲမှာ ဆာလတ် ဟာ ဒီဆုကိုရတဲ့ (၁၉)ဦးမြောက်ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။

Golden Foot ဆုဟာ အသက်(၂၈)နှစ်ပြည့်ပြီး နိုင်ငံနဲ့ကလပ် အသင်းအတွက်သာမကဘဲ တဦးချင်းစွမ်းဆောင်ရည်ကောင်းမွန်တဲ့ ကစားသမားတွေကို ပေးအပ်တာဖြစ်ပါတယ်။ဒီဆုပေးပွဲကို မိုနာကိုမှာ ကျင်းပခဲ့တာဖြစ်ပြီး အခုနှစ်အတွက် ဆာလတ် က ရရှိခဲ့တာပါ။

ဒီဆုကို ကစားသမားတဦးအနေနဲ့ တကြိမ်သာ ရရှိတာလည်းဖြစ်ပါတယ်။Golden Foot ဆုကို ရော်နယ်ဒိုကြီး၊စီရော်နယ်ဒို၊ဘတ်ဂီယို၊နတ်ဗတ်၊အီဘရာဟီမိုဗစ်၊ကာဆီးလတ်စ် အစရှိတဲ့ ကစားသမားတွေလည်းရယူနိုင်ခဲ့ပြီး အခု ဆာလတ် ကပါ ဒီစာရင်းထဲမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ဆာလတ် က “ဆုရရှိတဲ့အခါ အမြဲတမ်းပျော်ရွှင်ပါတယ်။ရွှေခြေထောက်ဆုဟာ ကျွန်တော့်အတွက် အဓိပ္ပါယ်အလွန်ရှိပါတယ်။ဘာဖြစ်လို့လဲဆိုရင် ဒီဆုကို ကမ္ဘာ့ဘောလုံးလောကမှာရှိတဲ့ ဂန္တဝင်ကစားသမားအများအပြားက ဆွတ်ခူးနိုင်ခဲ့လို့ပါပဲ”

“အဲ့ဒါကြောင့် ဒါဟာ ကျွန်တော့်အတွက်တော့ အထူးဆုတခုလို့ ယုံကြည်ပါတယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။Golden Foot ဆုကို (၂၀၀၃) က စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး ဘတ်ဂီယို က စတင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒီဆုကို အီတလီ က ကစားသမား(၄)ဦးနဲ့ အများဆုံးရရှိထားပြီး ဘရာဇီးလ် က (၃)ဦးနဲ့ ဒုတိယအများဆုံးရရှိထားတာပါ။အသင်းမှာဆိုရင် ဂျုဗင်တပ်စ် အသင်းက (၄)ဦးနဲ့ အများဆုံးဖြစ်ပြီး အေစီမီလန်၊ပီအက်စ်ဂျီနဲ့ ရီးရယ်လ် တို့က (၂)ဦးစီ ရယူထားတာဖြစ်ပါတယ်။

ဆာလတ် ဟာ ဒီရာသီမှာ လီဗာပူးလ် အတွက် ခြေစွမ်းကောင်းတွေပြသနေတာဖြစ်ပြီး ပြိုင်ပွဲစုံ (၁၉)ပွဲမှာ (၁၉)ဂိုးအထိ သွင်းယူထားတာလည်းဖြစ်ပါတယ်။