အသက်(၄၀)ရှိပြီဖြစ်တာတောင် နောက်တနှစ်ဆက်ကန်ဖို့ ဆန္ဒပြင်းပြနေတဲ့ အီဘရာဟီမိုဗစ်

အီဘရာဟီမိုဗစ် ကတော့ ဂျီနိုအာ အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြဂိုးသွင်းပြီးနောက် အေစီမီလန် အသင်းမှာ နောက်ထပ်တနှစ်ဆက်ကစားချင်တယ်လို့ ပြောလိုက်ပါတယ်။

အေစီမီလန် အသင်းဟာ ဒီမနက်က ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ဂျီနိုအာ အသင်းကို (၃)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အီဘရာဟီမိုဗစ်က (၁)ဂိုး၊မက်ဆီးရက်စ် က (၂)ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။အေစီမီလန် အသင်းဟာ ပြီးခဲ့တဲ့ရက်က ဆက်ဆူအိုလို အသင်းကို အရေးနိမ့်ခဲ့တာကို ပြန်လည်ရုန်းထွက်ပြီး နိုင်ပွဲရယူနိုင်ခဲ့တာပါ။

အီဘရာဟီမိုဗစ် ဟာ ဒီပွဲရဲ့ပွဲချိန်(၁၀)မိနစ်မှာ ပြစ်ဒဏ်ဘောကနေ တိုက်ရိုက်ကန်သွင်းပြီး သွင်းဂိုးရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။အီဘရာဟီမိုဗစ် နဲ့ အေစီမီလန် အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၂၀၂၂) ဇွန်လမှာ ကုန်ဆုံးမှာပါ။အဲ့ဒါကြောင့် (၂၀၂၃)ဇွန်လ အထိ သက်တမ်းတိုးချင်နေတာဖြစ်ပါတယ်။

အီဘရာဟီမိုဗစ် က “နည်းပြ ပီအိုလီ အတွက် အလွန်ပျော်ရွှင်ပါတယ်။အခု ကျွန်တော့်ကို စာချုပ်သက်တမ်းတိုးဖို့ အချိန်တန်ပါပြီ။ဒီကောင်လေးတွေက ကျွန်တော့်ကို ပျော်ရွှင်အောင်လုပ်တယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

အသက်(၄၀)ရှိပြီဖြစ်တဲ့ အီဘရာဟီမိုဗစ် ဟာ (၂၀၂၀) ကမှ အေစီမီလန် ကို တကျော့ပြန်ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ခြေစွမ်းပြသနေခဲ့တာပါ။အခုရာသီ အေစီမီလန် အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ရာမှာ အီဘရာဟီမိုဗစ် ရဲ့သက်ရောက်မှုက အများကြီးပါဝင်ခဲ့တာဖြစ်ပါတယ်။

အီဘရာဟီမိုဗစ် ဟာ အေစီမီလန် အသင်းအ‌တွက် ဒီရာသီမှာ (၁၂)ပွဲပါဝင်ကစားပြီး (၆)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ဆွီဒင်တိုက်စစ်မှူး ဟာ အေစီမီလန် အသင်းကို ပြန်လည်ရောက်ရှိလာတဲ့ (၃)ရာသီအတွင်းမှာ (၅၉)ပွဲပါဝင်ကစားပြီး (၃၄)ဂိုးသွင်းယူထားတာပါ။

အေစီမီလန် အသင်းဟာ ဒီတပတ်မှာတော့ ဆလာနီတာနာ အသင်းနဲ့ စီးရီးအေပွဲစဉ်ကစားမှာဖြစ်ပြီး ကြားရက်မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် လီဗာပူးလ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။