(၁) လအတွင်း အချိုးပြင်ရင်ပြင်၊ မဟုတ်ရင် လစ်တော့လို့ ကော်တင်ဟိုကို အပြတ်ပြောထားတဲ့ ဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီဟာ အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟိုကို (၁) လအတွင်း ခြေစွမ်းတိုးတက်အောင် ပြသရမယ်လို့ဆိုထားပြီး အဲ့ဒီလိုမှမဟုတ်ရင်တော့ ကော်တင်ဟိုကို အသင်းက ထွက်ခိုင်းမယ်လို့ သိရပါတယ်။

ဇာဗီဟာ ပြီးခဲ့တဲ့လအတွင်းက ဘာစီလိုနာကို နည်းပြအဖြစ် ပြန်လည်ရောက်ရှိလာပြီးနောက်ပိုင်း တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့အတူ ကစားသမားတွေကို ကိုင်တွယ်နေပြီး အသင်းတွင်း အခြားသော ပြုပြင်ပြောင်းလဲမှုတွေကိုလည်း ပြုလုပ်နေတာပါ။

ဇာဗီဟာ ဒမ်ဘီလီကို သူ့လက်ထက်မှာ ကမ္ဘာ့အဆင့် ကစားသမားဖြစ်လာဖို့ ရည်ရွယ်ထားပေမယ့် ဒမ်ဘီလီကတော့ ဇာဗီလက်ထက်မှာ ပထမဆုံး ဒဏ်ရိုက်ခံရတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။

အခု အသက် (၂၉) နှစ်ရှိပြီဖြစ်တဲ့ ကော်တင်ဟိုကလည်း ဘာစီလိုနာမှာ ပုံမှန် ပွဲထွက်ခွင့်ရဖို့တောင် ရုန်းကန်နေရပေမယ့် အသင်းမှာ လစာအများဆုံး ကစားသမားဖြစ်နေတာပါ။

အဲ့ဒါကြောင့်လည်း ဇာဗီက ဒီကစားသမားနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း စီစဥ်ချင်နေပြီး ဒီတလအတွင်း ပုံစံကောင်းပြန်မပြနိုင်ရင် လာမယ့်ဆောင်းရာသီမှာတင် ရောင်းချဖို့ ပြင်ဆင်ထားပါတယ်။

ဘာစီလိုနာအနေနဲ့ ပရီးမီးယားလိဂ် ကစားသမားတွေဖြစ်တဲ့ မန်စီးတီးက ဖာရန်တောရက်စ်နဲ့စတာလင်၊ ယူနိုက်တက်က မာစီရယ်လ်နဲ့ကာဗာနီတို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဒီကစားသမားတွေကို ကမ်းလှမ်းတဲ့နေရာမှာ ကော်တင်ဟိုကိုပါ ထည့်သွင်းကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။