အမိုက်အမဲလေးတွေ ခွင့်လွှတ်ပေးဖို့ သခင်ကြီးမူလာကို ဝိုင်းပြီးတောင်းပန်နေကြတဲ့ ဘာစီလိုနာပရိသတ်များ

ဘာစီလိုနာ ပရိသတ်တွေဟာ ဘိုင်ယန်မြူးနစ် တိုက်စစ်ကစားသမား မူလာကို ဘာစီလိုနာအတွက် ဝိုင်းဝန်းတောင်းပန်နေကြတယ်လို့ သိရှိရပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ဘာစီလိုနာတို့ဟာ ချန်ပီယံလိဂ်မှာ တအုပ်စုတည်းကျရောက်နေပြီး ဘာစီလိုနာရဲ့ အုပ်စု နောက်တဆင့်တက်ရေး အဆုံးအဖြတ်ပွဲအဖြစ် ဘိုင်ယန်မြူးနစ် အိမ်ကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။

ဘိုင်ယန်မြူးနစ်က ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ နောက်တဆင့်ကို တက်ရောက်ပြီးဖြစ်ပေမယ့် ဘာစီလိုနာကတော့ လက်ကျန်တနေရာအတွက် ဘိုင်ယန်မြူးနစ်ကို အနိုင်ကစားဖို့ လိုအပ်နေပါတယ်။

ဘာစီလိုနာက အုပ်စု ဒုတိယနေရာမှာ ရမှတ် (၇) မှတ်၊ ဘင်ဖီကာက အုပ်စု တတိယနေရာမှာ ရမှတ် (၅) မှတ်နဲ့ ရပ်တည်နေပြီး ဘာစီလိုနာအနေနဲ့ ဘိုင်ယန်မြူးနစ်နဲ့ အဝေးကွင်းမှာ သရေကျရုံနဲ့ စိတ်မချနိုင်ဘဲ တဖက်က ဘင်ဖီကာနိုင်ပြီး ဘာစီလိုနာသာ မနိုင်ခဲ့ရင် နောက်တဆင့်နဲ့ ဝေးကွာရပါလိမ့်မယ်။

လီဝန်ဒေါစကီး ဘလွန်းဒီအော်ဆုမရခဲ့တာနဲ့ပတ်သက်လို့ မူလာက ဘာစီလိုနာကို အပြတ်ချေမှုန်းမယ်လို့ မနေ့က ပြောကြားခဲ့တာဖြစ်ပြီး အဲ့ဒီနောက် မူလာရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ဘာစီလိုနာပရိသတ်တွေက လာရောက် တောင်းပန်နေတာပါ။

ဘာစီလိုနာပရိသတ်တွေက မူလာရဲ့ပို့စ်အောက်မှာ ဘာစီလိုနာကို နောက်တဆင့် တက်ရောက်ခွင့်ပေးဖို့ ဝိုင်းဝန်းတောင်းဆိုနေကြပြီး ပရိသတ်တယောက်ဆိုရင် “မူလာရေ… မင်းက ဂန္တဝင်တယောက်ပါ။ ကျေးဇူးပြုပြီး ဘာစီလိုနာကို ရှုံးထွက် (၁၆) သင်းအဆင့် တက်ရောက်ခွင့်ပေးပါ” ဆိုပြီး တောင်းဆိုထားပါတယ်။

အခြားသောပရိသတ်ကလည်း “ဘာစီလိုနာအတွက် အာရုံစိုက်ဖို့ ငါ့မိန်းမနဲ့တောင် ကွာရှင်းထားပြီးပြီ” “ကျေးဇူးပြုပြီး ဘာစီလိုနာကို ဒီတပွဲတည်း ပေးနိုင်ပါ” လို့ ရေးသားခဲ့တယ်လို့ သိရှိရပါတယ်။