ဘလွန်းဒီအော်ဆုအတွက် ပြောစရာစကားမရှိဘဲ ရယ်ပဲရယ်နေနိုင်တော့တဲ့ ဆာလာ

လီဗာပူးကစားသမား ဆာလာဟာ ဘလွန်းဒီအော်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ပြောစရာစကားမရှိဘဲ ရယ်ပဲရယ်သွားခဲ့တယ်လို့ သိရှိရပါတယ်။

မနေ့ညက အဲဗာတန်ကို အဝေးကွင်းမှာ ၁-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ မာဆေးဆိုက်ဒ်ဒါဘီပွဲအပြီးမှာ သတင်းထောက်က ဆာလာကို မေးမြန်းခဲ့ချိန်မှာတော့ ဆာလာက အခုလိုပဲ တုံ့ပြန်သွားခဲ့တာပါ။

ဆာလာဟာ ဒီပွဲမှာ အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ မက်ဆီ ဆွတ်ခူးခဲ့တဲ့ (၂၀၂၁) ဘလွန်းဒီအော်ဆုပေးပွဲမှာတော့ ဆာလာက အဆင့် (၇) နေရာမှာသာရှိနေခဲ့ပြီး သူ့အပေါ်မှာ မက်ဆီ၊ လီဝန်ဒေါစကီး၊ ဂျော်ဂျင်ဟို၊ ရော်နယ်ဒို၊ ကန်တေ၊ ဘန်ဇီမာတို့ ရှိနေခဲ့တာပါ။

အဲ့ဒါကြောင့် ဒီဆုအပေါ် သူ့ရဲ့ အမြင်ကို မေးမြန်းခဲ့ရာမှာတော့ ဆာလာက ရယ်ရယ်မောမောနဲ့ပဲ “ပြောစရာမရှိပါဘူးဗျာ၊ ကျနော့်ဆီမှာ ပြောစရာမရှိတော့ပါဘူး” လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

ဆာလာရဲ့ အဆင့်သတ်မှတ်ချက်အပေါ် ဒီပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာလည်း ကလော့ပ်က အံ့အားသင့်မိတယ်လို့ ပြက်ရယ်ပြုခဲ့သေးတာပါ။

ကလော့ပ်ဟာ ဆာလာ အခုလို အဆင့် (၇) ရောက်သွားတဲ့အပေါ် ပြက်ရယ်ပြုခဲ့သလို လီဝန်ဒေါစကီး ဆုမရရှိခဲ့တာကိုလည်း စိတ်မသက်မသာဖြစ်ခဲ့ရပါတယ်။

မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝအတွက် (၇) ကြိမ်မြောက် ဘလွန်းဒီအော်ဆုကို ဆွတ်ခူးခဲ့တာဖြစ်ပြီး ဘောလုံးအသိုင်းအဝိုင်းကတော့ လီဝန်ဒေါစကီးကသာ ဒီဆုနဲ့ ထိုက်တန်တယ်လို့ ဝေဖန်နေကြတာဖြစ်ပါတယ်။