ဇနီးဖြစ်သူ အပေါ် မက်ဆီရဲ့ကြည်နူးစရာလုပ်ရပ်ကို ချီးကျုးနေကြတဲ့ ပရိသတ်တွေ

မက်ဆီရဲ့ ပရိသတ်တွေကတော့ ဘောလွန်းဒီအောဆုပေးပွဲမှာ ဇနီးဖြစ်သူ အန်တိုနယ်လ်လာ အပေါ်မှာ ကြည်နူးစရာလုပ်ရပ် ပြုလုပ်ခဲ့တဲ့ မက်ဆီရဲ့ အပြုအမူကို ချီးကျုးနေကြတာဖြစ်ပါတယ်။မက်ဆီ အန်တိုနယ်လ်လာ နဲ့ ကလေး(၃)ဦးတို့ဟာ ဆုပေးပွဲမကျင်းပခင် ဓါတ်ပုံရိုက်ဖို့ ကော်ဇော်နီပေါ်မှာ ရှိနေတာ ဖြစ်ပါတယ်။

ဒီအချိန်မှာ ပွဲစီစဉ်သူတဦးက အန်တိုနယ်လ်လာ ကို ထွက်ခွာဖို့ လက်ဟန်ခြေဟန်နဲ့ ပြသခဲ့တာဖြစ်ပါတယ်။ အန်တိုနယ်လ်လာ ကလည်း ထွက်ခွာသွားခဲ့ပေမယ့် မက်ဆီက ပြန်ခေါ်ခဲ့ပြီး မိသားစုလိုက် ဓါတ်ပုံရိုက်ကူးခဲ့တာပါ။

ဒီဗီဒီယိုဖိုင်ဟာ ဆိုရှယ်လ်မီဒီယာပေါ်မှာ ပျံနံ့သွားခဲ့တာဖြစ်ပါတယ်။ပရိသတ်တဦးက ဒီဗီယိုကြည့်ရှုပြီး အလွန်လှပတယ်လို့ ရေးသားခဲ့ပါတယ်။နောက်တဦးက မိသားစုဟာ အရာအားလုံးဖြစ်တယ်ဆိုတာကို မက်ဆီ က နားလည်တယ်လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

နောက်ထပ်တဦးက “အလွန်ကြည်နှုးဖို့ ကောင်းပါတယ်။သူ့ရဲ့ဘောလုံးအရည်အသွေးတွေကလွဲပြီး ဒါဟာ ကျွန်တော်တို့ မက်ဆီကို အလွန်ချစ်မြတ်နိုးစေတဲ့ အရာတွေပါပဲ။အခြားတဦးက “မက်ဆီဟာ အလွန်တော်တဲ့ သူပါ”

“ဘောလုံးဘုရင်မတိုင်ခင်မှာ ခင်ပွန်းက ပထမဆုံးပါပဲ”လို့ မှတ်ချက်တွေရေးသားခဲ့ကြပါတယ်။မက်ဆီ ဟာ ဒိဆုပေးပွဲမှာ လီ၀န်ဒေါစကီးထက် (၃၃)မှတ်အသာနဲ့ ဘောလွန်းဒီအောဆုကို စံချိန်တင်(၇)ကြိမ်မြောက်အဖြစ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီ ဘောလွန်းဒီအောဆုရတာနဲ့ ပတ်သက်ပြီး မထိုက်တန်ဘူးဆိုပြီး ဝေဖန်မှုတွေရှိနေသလို ထိုက်တန်တယ်ဆိုပြီး ချီးကျုးမှုတွေခံနေရတာလည်းဖြစ်ပါတယ်။အခုအချိန်ထိ ဘောလွန်းဒီအောဆုပေးပွဲနဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေဟာ ရှိနေဆဲပါပဲ။

မက်ဆီရဲ့ပြိုင်ဘက်ကြီး ရော်နယ်ဒို ကတောင် မက်ဆီ ဟာ ဘောလွန်းဒီအောဆုကို မထိုက်တန်ဘူးဆိုပြီး ပရိသတ်တဦးက ရေးထားတဲ့ ပို့စ်မှာ အချက်အလက်တွေပဲလို့ မှတ်ချက်ပေးခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။