ကစားသမားဘဝ သွင်းဂိုး၈၀၀ ပြည့်ပြီး သမိုင်းမှတ်တိုင်တခုစိုက်ထူနိုင်ခဲ့တဲ့ ရော်နယ်ဒို

မန်ချက်စဝာာယူနိုက်တက် တိုက်စစ်ကစား သမား ရော်နယ်ဒို ဟာ အာဆင်နယ် အသင်းကို အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲမှာသွင်းယူခဲ့တဲ့ ဂိုးတွေကြောင့် ကစားသမားဘဝ သွင်းဂိုး(၈၀၀)ကျော်သွားခဲ့ပြီဖြစ်ပါတယ်။

ဒီပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ အာဆင်နယ် အသင်းကို (၃)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ရော်နယ်ဒိုက (၂)ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ ချယ်လ်ဆီးနဲ့ ပွဲမှာ လူစားဝင် ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရတဲ့ ရော်နယ်ဒို ဟာ ဒီပွဲမှာ ပွဲစတည်းက ပါဝင်ခဲ့ရတာပါ။

ရော်နယ်ဒို ဟာ ဒီပွဲစဉ်ရဲ့ဒုတိယပိုင်းရောက်မှ ကစားသမားဘဝ သွင်းဂိုး(၈၀၀)နဲ့ (၈၀၁)ဂိုးမြောက်‌ဂိုးတွေကို သွင်းယူခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒို ရဲ့သွင်းဂိုးကြောင့်ပဲ မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးတွေကို အဆုံးသတ်ပြီး နိုင်ပွဲယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို အတွက်လည်း ကစားသမားဘဝ သွင်းဂိုး(၈၀၀)ကျော်သွားပြီဖြစ်တဲ့ အတွက်လည်း သမိုင်းမှတ်တိုင်တခုစိုက်ထူနိုင်ခဲ့တာပါ။ပြီးခဲ့တဲ့ နွေရာသီကမှ မန်ချက်စတာယူနိုက်တက် ကို တကျော့ပြန်ရောက်ရှိလာတဲ့ ရော်နယ်ဒို ဟာ ဒီရာသီမှာ အသင်းအတွက် အရေးပါတဲ့ ဂိုးတွေသွင်းယူပေးထားတာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ မန်ချက်စတာယူနိုက်တက် အတွက် (၁၃၀)ဂိုး၊ပေါ်တူဂီ အတွက် (၁၁၅)ဂိုး၊ရီးရယ်လ်အတွက် (၄၅၀)ဂိုး၊ဂျုဗင်တပ်စ် အတွက် (၁၀၁)ဂိုးနဲ့ စပို့တင်း အတွက် (၅)ဂိုး သွင်းယူထားတာပါ။

မန်ချက်စတာယူနိုက်တက် အသင်း ရလဒ်မကောင်းတာကြောင့် ရော်နယ်ဒို ဟာ ဝေဖန်မှုတွေ ခံနေရပေမယ့် ဒီရာသီမှာ အသင်းအတွက် (၁၆)ပွဲကစားထားပြီး (၁၂)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒတ်စ် က ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး “မယုံနိုင်စရာပါပဲ၊သူဟာ တနှစ်ပြီးတနှစ် တပွဲပြီးတပွဲပိုတိုးတက်လာတယ်ဆိုတာ ကျွန်တော်တို့ အားလုံးသိပါတယ်။သူဟာ အကောင်းဆုံးဖြစ်အောင် ဆက်လုပ်ချင်ပြီး သူ့ကိုသူ ဘယ်လိုလှုံဆော်ရမလဲဆိုတာသိတယ်”လို့ပြောခဲ့တာဖြစ်ပါတယ်။