ဖရက်ဒ်နင်းတာခံရတဲ့ ဒီဂီယာကိုတောင် ရှက်စရာကောင်းတယ်ဆိုပြီး ဝေဖန်နေတဲ့ ပေါလ်စခိုးလ်

မနေ့ကညက အာဆင်နယ်ကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဦးဆောင်ဂိုးပေးခဲ့ရတဲ့အပေါ် ယူနိုက်တက်ဂိုးသမား ဒီဂီယာကို ပေါလ်စခိုးလ်နဲ့ အီယန်ရိုက်တို့က ရှက်စရာကောင်းတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

ဒီပွဲရဲ့ ပွဲကစားချိန် အစောပိုင်း ထောင့်ကန်ဘောမှာ အာဆင်နယ်ရဲ့ တိုက်စစ်ဆင်မှုကို ကာကွယ်ရင်း ဖရက်ဒ်က ဒီဂီယာကို နင်းမိခဲ့တာပါ။

ဒီဂီယာ နာကျင်ပြီး လဲကျနေချိန်မှာပဲ စမစ်ရိုးက ဧရိယာအပြင်ကနေ ယူနိုက်တက်ဂိုးပေါက်ထဲကို ကန်သွင်းယူခဲ့ပါတယ်။ အစပိုင်းမှာတော့ ကွင်းလယ်ဒိုင် အက်ကင်ဆန်က ပြစ်ဒဏ်ဘော သတ်မှတ်ခဲ့သေးတာပါ။

ဒါပေမယ့် VAR နဲ့ ပြန်လည်ဆုံးဖြတ်ပြီးချိန်မှာတော့ အာဆင်နယ်ဘက်ကို ဂိုးပေးခဲ့ပါတယ်။ ဒီဂိုးအတွက် ဝေဖန်သံတွေ ဆူညံခဲ့ပေမယ့် ပေါလ်စခိုးလ်နဲ့ အီယန်ရိုက်တို့ကတော့ ဒီဂီယာကို အခုလိုပဲ ဝေဖန်ခဲ့တာပါ။

ပေါလ်စခိုးလ်က “ဒီဂီယာရဲ့ လုပ်ရပ်က ရှက်စရာပါ။ မင်းက မင်းဂိုးပေါက်ကို ကာကွယ်ဖို့၊ ဂိုးမဝင်ဖို့ အရာအားလုံးကို လုပ်ရမှာလေ။ စမစ်ရိုးရဲ့ လုပ်ရပ်က မမှားပါဘူး။ သူက ဂိုးပေါက်ကိုတောင်မကြည့်ဘဲ သူ့ဘာသာ ကန်လိုက်တာပါ။ ဒီဂိုးက ပေးသင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

အီယန်ရိုက်ကလည်း “ဂိုးပေးလိုက်ရပြီးတော့ ဒီဂီယာ ဒိုင်လူကြီးကို ဘယ်လိုတုံ့ပြန်လဲ ခင်ဗျားတို့ မြင်မှာပါ။ ဖရက်ဒ် သူ့ကို နင်းလိုက်တာက ဒီလောက်ထိ လဲကျသွားစရာမရှိပါဘူး။ ကျနော့်အတွက်လည်း ဒါက ရှက်စရာပါပဲ။ ဒီဂီယာအနေနဲ့ ပြန်ထပြီး စမစ်ရိုးရဲ့ ကန်ချက်ကို ကာကွယ်ဖို့ ကြိုးစားသင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။