ရွှေဘောလုံးဆုမရပေမယ့် ဆားဘောလုံးဆုရလိုက်တဲ့ လီဝန်ဒေါစကီး

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ (၂၀၂၁) ဘလွန်းဒီအော်ဆုကို လွဲချော်ခဲ့ပေမယ့် မွေးရပ်မြေကနေ ထူးထူးခြားခြား ချီးမြှင့်တဲ့ ဆားဘောလုံးဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

လီဝန်ဒေါစကီးဟာ ဘလွန်းဒီအော်ဆုနဲ့ ထိုက်တန်တယ်လို့ အားလုံးက တပြေးညီ သတ်မှတ်ထားပေမယ့် တကယ်တမ်း ဆုပေးချိန်မှာတော့ မက်ဆီပဲ ဘလွန်းဒီအော်ဆုရရှိသွားတာကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

အဲ့ဒါကြောင့်လည်း ပိုလန်နိုင်ငံက မြို့လေးတမြို့ဖြစ်တဲ့ ဝီလစ်ဇ်ကာက လီဝန်ဒေါစကီးကို ဒီဆားဘောလုံးဆု ချီးမြှင့်ခဲ့တာဖြစ်ပြီး အစပိုင်းမှာ ဟာသလုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တကယ်အတည်တကျဖြစ်သွားခဲ့တာပါ။

ဝီလစ်ဇ်ကာမြို့လေးဟာ ဆားတူးဖော်တဲ့နေရာမှာ နာမည်ကြီးတဲ့မြို့တမြို့ဖြစ်ပြီး မြို့တော်အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်ကတော့ လီဝန်ဒေါစကီး ဘလွန်းဒီအော်မရတဲ့အတွက် တရားမျှတမှုရှိစေရေး ဒီဆုကို ဖန်တီးခဲ့တယ်လို့ဆိုပါတယ်။

ဂျက်စတာစကီးလို့ခေါ်တဲ့ အဆိုပါပုဂ္ဂိုလ်က “စစချင်းမှာတော့ ဒါကို လီဝန်ဒေါစကီးအတွက် အားပေးဖို့ ဟာသဆန်ဆန်ပဲ ပြုလုပ်ခဲ့တာပါ။ ဒါပေမယ့် ကျနော့်စိတ်ကူးကို ချဲ့ထွင်ဖို့ အကြံပြုချက်တွေလည်းရှိခဲ့ပါတယ်”

“အချို့က ကျနော်တို့ ပိုလန်လက်ရွေးစင် အသင်းခေါင်းဆောင်ကို ဆားဘောလုံးဆိုပြီး ပေးချင်ကြတယ်လေ။ အရင်က ဆားကို ရွှေဖြူလို့ခေါ်ခဲ့တဲ့ သမိုင်းရာဇဝင်တွေလည်းရှိခဲ့ပါတယ်”

“ငွေကြေးဖောင်းပွမှုတွေ၊ အကျပ်အတည်းတွေရှိနေပေမယ့် ကျနော်တို့မြို့မှာတော့ ဆားကို အလုံအလောက်ရနိုင်ဆဲပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

လီဝန်ဒေါစကီးဟာ ပိုလန်နိုင်ငံအတွက် အဓိကပြယုဂ်တခုအဖြစ် ရှိနေပြီး ပိုလန်လက်ရွေးစင် သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်လည်း ရပ်တည်နေသူဖြစ်ပါတယ်။