ပီဒရီနဲ့တန်းတူ မက်ဆီကြိတ်ကြွေတာကို ခံလိုက်ရတဲ့ ဆယ်ကျော်သက်လေးနှစ်ယောက်

(၂၀၂၁) ဘလွန်းဒီအော်ဆုပေးပွဲမှာ ချီးမြှင့်ခဲ့တဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုအတွက် မက်ဆီက ပီဒရီကို မဲပေးခဲ့သလို မက်ဆီ မဲပေးရွေးချယ်ခဲ့တဲ့ အခြားသော ကစားသမားနှစ်ယောက်ရဲ့ နာမည်လည်း ထွက်ပေါ်လာခဲ့ပါတယ်။

ဒီကစားသမားတွေကတော့ လက်ရှိ ပီအက်စ်ဂျီမှာ မက်ဆီနဲ့ အသင်းဖော်ဖြစ်နေတဲ့ ဘယ်နောက်ခံလူ နူနိုမန်ဒက်စ်၊ ဒေါ့မွန် ကစားသမားလေး ဘယ်လင်ဂမ်တို့ပါ။ ပီဒရီနဲ့ မက်ဆီတို့ဟာ ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာမှာ အတူတွဲကစားခဲ့ဖူးပါတယ်။

ပီဒရီကတော့ ဒီဆုကို ဆွတ်ခူးပြီးနောက် ဆုပေးပွဲကျင်းပရာ စင်မြင့်ထက်မှာပဲ မက်ဆီကို ကျေးဇူးတင်စကားပြောခဲ့ပြီး မက်ဆီကလည်း ပီဒရီ အခုလိုမျိုး ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားဆုကို ဆွတ်ခူးခဲ့တဲ့အတွက် ကျေနပ်ပီတိဖြစ်ခဲ့ရပါတယ်။

နူနိုမန်ဒက်စ်ဟာ စပို့တင်းလစ္စဘွန်းကနေ ပီအက်စ်ဂျီကို အငှားနဲ့ လာကစားနေတာဖြစ်ပြီး အပြီးသတ်ခေါ်ယူခွင့်ပါ တပါတည်းပါရှိပါတယ်။

အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူ ဘယ်လင်ဂမ်ကလည်း ဒေါ့မွန်မှာ အထင်ကြီးစရာခြေစွမ်းတွေကို ပြသနေပြီး ဒေါ့မွန်ကတော့ သူတို့ရဲ့ ကစားသမားအတွက် အနည်းဆုံး ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) သတ်မှတ်ထားတာပါ။

မက်ဆီမဲပေးခဲ့တဲ့ ပီဒရီက ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သလို ဘယ်လင်ဂမ်ကလည်း ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

နူနိုမန်ဒက်စ်ကတော့ စတုတ္ထနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး မျူရှယ်လာ၊ ဂရင်းဝုဒ်၊ ဆာကာတို့လို ကစားသမားတွေလည်း ဒီဆုအတွက် ထိပ်ဆုံး (၁၀) ယောက်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။