အာဆင်နယ်ကို အနိုင်ရပြီးနောက် အောင်ပွဲခံဖို့ အချိန်မရှိဘူးလို့ ပြောလိုက်တဲ့ ရော်နယ်ဒို

မန်ချက်စတာယူနိုက်တက် အသင်းတိုက်စစ်ကစားသမား ရော်နယ်ဒို ဟာ အာဆင်နယ် အသင်းကို အနိုင်ရတဲ့ ပွဲအပြီးမှာ စိတ်လှုပ်ရှားစရာ မက်ဆေ့ပေးထားတဲ့ ပို့စ်တခုကို သူ့ရဲ့ဆိုရှယ်မီဒိယာမှာ တင်ထားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ မန်ချက်စတာယူနိုက်တက် က အာဆင်နယ်ကို (၃)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ရော်နယ်ဒို ဟာ (၂)ဂိုးသွင်းယူခဲ့ပြီး ကစားသမားဘ၀ သွင်းဂိုး(၈၀၁)ဂိုးအထိ ရှိသွားခဲ့တာလည်းဖြစ်ပါတယ်။ရော်နယ်ဒို ဟာ အာဆင်နယ်ကို အနိုင်ရပြီးနောက် အသင်းရဲ့အာရုံစူးစိုက်မှုဟာ နောက်တပွဲကို ကူးပြောင်းသွားခဲ့ပြီလို့ ရေးသားထားတာပါ။

ဒါ့အပြင် ရော်နယ်ဒို က အသင်းဖော်တွေကိုလည်း ချီးကျုးခဲ့သလို ပရိသတ်တွေရဲ့အားပေးမှုကို ကျေးဇူးတင်ကြောင်းလည်း ပြောဆိုထားတာဖြစ်ပါတယ်။ရော်နယ်ဒို က “ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ နောက်ပွဲအတွက် အာရုံပြောင်းသွားပြီး အောင်ပွဲခံဖို့ အချိန်မရှိပါဘူး”

“ဒီနေ့နိုင်ပွဲက လမ်းကြောင်းပေါ်ကို ပြန်တက်နိုင်ဖို့ အရေးကြိးပါတယ်။ဒါပေမယ့် ကျွန်တော်တို့ သွားချင်တဲ့ ခရီးကို မရောက်မချင်းတော့ သွားရမယ့် ခရီးက ရှည်ပါသေးတယ်။ကျွန်တော့်ရဲ့အသင်းဖော်တွေကို ဂုဏ်ပြုပါတယ်”

“ဒီညမှာတော့ ကျွန်တော်တို့ ဟာ စိတ်ဓါတ်စုစည်းမှုတွေကောင်းခဲ့ပါတယ်။ကျွန်တော်တို့ကို အားပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ခင်ဗျားတို့မရှိပဲ ဒါမျိုးလုပ်နိုင်မှာမဟုတ်ပါဘူး”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ဒီပွဲဟာ မန်ချက်စတာယူနိုက်တက် အသင်းကို ကာရစ် ယာယီနည်းပြအဖြစ် ကိုင်တွယ်တဲ့ နောက်ဆုံးပွဲစဉ်ဖြစ်ပြီး လာမယ့် ပဲလေစ့်အသင်းနဲ့ ပွဲမှာတော့ ယာယီနည်းပြသစ် ရက်ဂ်နစ် ကိုင်တွယ်သွားမှာလည်းဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ဒီပွဲမှာ (၂)ဂိုးသွင်းယူခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပရီးမီးယားလိဂ်(၁၁)ပွဲကစားအပြီးမှာ (၆)ဂိုးအထိသွင်းယူထားသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၅)ပွဲကစားထားပြီး (၆)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။