ရက်ဂ်နစ်ရဲ့ယူနိုက်တက်နည်းပြဘဝ ပွဲဦးထွက်မှာ ပါဝင်ဖို့ မရေမရာဖြစ်နေတဲ့ ရော်နယ်ဒို

ရော်နယ်ဒို ဟာ ဒူးဒဏ်ရာကြောင့် မနက်ဖြန်မှာ ကစားမယ့် ပဲလေ့စ်နဲ့ ပွဲမှာ ပါဝင်ဖို့ မရေမရာဖြစ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ရက်ဂ်နစ် ရဲ့ယူနိုက်တက်နည်းပြဘဝ ပွဲဦးထွက်ပွဲဖြစ်တဲ့ ပဲလေ့စ်နဲ့ ပွဲကို အားလုံးက စိတ်ဝင်တစားစောင့်ကြည့်နေကြမှာဖြစ်ပါတယ်။

ဒီပွဲမှာတော့ ရော်နယ်ဒို မပါဝင်ဘဲ ယှဉ်ပြိုင်ရဖို့ ရှိနေတာပါ။ရော်နယ်ဒို ဟာ အာဆင်နယ် အသင်းကို အနိုင်ရတဲ့ပွဲမှာ သွင်းဂိုး(၂)ဂိုးသွင်းယူခဲ့ပြီး ကစားသမားဘဝ သွင်းဂိုး(၈၀၁)ဂိုးအထိ ရှိသွားခဲ့တာလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒီပွဲမှာ ဂိုးသွင်းအပြီး အောင်ပွဲ ခံ‌တဲ့ အချိန်မှာ ဒူးဒဏ်ရာရရှိသွားခဲ့တယ်လို့ ယူနိုက်တက် သတင်းရင်းမြစ်အချို့က ပြောဆိုထားတာပါ။ရော်နယ်ဒို ဟာ သူ့ရဲ့အောင်ပွဲခံနေကျပုံစံ အတိုင်းအောင်ပွဲခံရင်း ဒဏ်ရာပြသနာရှိသွားခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ဒဏ်ရာပြသနာရှိခဲ့တာကြောင့် ပွဲပြီးခါနီးအချိန်မှာ မာရှယ်နဲ့ လူစားလဲခံရပါတယ်။ရော်နယ်ဒို ဟာ အရန်ခုံတန်းကို မလာတော့ဘဲ အဝတ်စားလဲခန်းကို တန်းပြီးပြေးသွားခဲ့တာပါ။‌ရက်ဂ်နစ် ကတော့ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရော်နယ်ဒိုနဲ့ ပတ်သက်ပြီးပြောသွားခဲ့ပါတယ်။

ရက်ဂ်နစ် က “မနေ့က အသက်(၃၆)နှစ်အရွယ်ရှိ ရော်နယ်ဒို ရဲ့ဒုတိယပိုင်းမှာတွေ့ခဲ့ရတဲ့ပုံစံက အံဩဖွယ်ကောင်းပြီး ထိပ်တန်းပရော်ဖက်ရှင်နယ်တဦးပါပဲ။သူ့လိုအသက်အရွယ်မှာ ဒီလိုကြံခိုင်တဲ့ ကစားသမားကို တခါမှမတွေ့ဖူးပါဘူး”

“သူဟာ ခြားနားမှုတွေကို အလွယ်တကူဖန်တီးနိုင်တဲ့ ကစားသမားတဦးဖြစ်နေဆဲပါပဲ။ရော်နယ်ဒိုတင်မကပဲ တသင်းလုံးကို ဘယ်လိုဖွံဖြိုးတိုးတက်အောင်လုပ်ရမလဲဆိုတာပါပဲ။ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာရှိတဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့လိဂ်မှာ ကစားနေတာပါ”

“အဲ့ဒါကြောင့် ဒီမှာရှိတဲ့ ကစားသမားတွေအားလုံးကို လိုအပ်ပါတယ်။ရော်နယ်ဒိုဆီက ကျွန်တော်မြင်တွေ့ခဲ့ရတာတော့ သူဟာ ဒီလိုလုပ်ဖို့ ဆန္ဒရှိတယ်ဆိုတာပါ။အသင်းထဲမှာလည်း ဒါကိုထည့်သွင်းဖို့ဆန္ဒရှိတယ်။သူ့အသင်းဖော်တွေလည်း ဒီလိုပဲလုပ်ရပါလိမ့်မယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။