ယူနိုက်တက်ကိုရောက်ရောက်ချင်း အဖေထက်သားတလကြီးတဲ့အကွက်လုပ်ပြခဲ့ဖူးတဲ့ မိုဗစ်အကြောင်း

ယူနိုက်တက်တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ်က ယူနိုက်တက်ကို ရောက်ရှိလာခဲ့တုန်းက အသင်းကိုမတိုင်ပင်ဘဲ ယူနိုက်တက်ကို ပြောင်းပြီဆိုတာ သူ့ဘာသူ ကြေညာခဲ့ပါတယ်။

အီဘရာဟီမိုဗစ်ရဲ့ လုပ်ရပ်ကြောင့် ယူနိုက်တက်တို့ ဒီကြေညာချက်ကတဆင့် ရရှိမယ့် ပေါင် (၅) သန်း နစ်နာခဲ့ရပြီး ယူနိုက်တက် စီအီးအို အက်ဝုဒ်ဝက်ရော၊ အေးဂျင့်ရွိုင်အိုလာတို့ကပါ အီဘရာဟီမိုဗစ်ကို သတ်ချင်လောက်အောင် ပေါက်ကွဲခဲ့ရပါတယ်။

(၂၀၁၆) မှာ အီဘရာဟီမိုဗစ်က ပီအက်စ်ဂျီကို စွန့်ခွာပြီး ယူနိုက်တက်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတာပါ။ အဲ့ဒီတုန်းကဖြစ်ရပ်နဲ့ပတ်သက်လို့လည်း အီဘရာဟီမိုဗစ်က အခုလို ပြောပြခဲ့ပါတယ်။

အီဘရာဟီမိုဗစ်က “ကျနော်က အင်စတာဂရမ်မှာ ကျနော့်ရဲ့ နောက်အသင်းသစ်က ယူနိုက်တက်ဆိုပြီး ရေးခဲ့ပါတယ်။ ညှိနှိုင်းနေရတာတွေကို ကျနော်က တော်တော် ပင်ပန်းနေပြီဗျ။ နောက်ပြီး စတော့အိတ်ချိန်းမှာ ယူနိုက်တက်ရှယ်ယာတွေကို စာရင်းသွင်းထားတယ်လည်း မထင်ဘူး”

“ဒီတော့ အကုန်ရှုပ်ကုန်တာပေါ့။ ရွိုင်အိုလာဆို ကျနော့်ကို သတ်တောင် သတ်ချင်ခဲ့တာပါ။ ဒါက ကျနော့်အမှားပါ။ ရွိုင်အိုလာလည်း ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ ကျနော်က စိတ်မရှည်တဲ့အဆုံး လုပ်ချလိုက်တာပါ”

“ကျနော်က ထိုင်နေရာကနေ မြန်မြန်ထပြီး ရှေ့မှာရှိတဲ့အရာတခုကို ချက်ချင်းဆွဲယူဖို့ ကြိုးစားလိုက်မိတဲ့ ပုံစံမျိုးပါပဲ။ ဘာမှလည်း မစဥ်းစားခဲ့ဘူးလေ။ သဘောတူညီမှုရသွားတဲ့အချိန်မှာ ကျနော်က အရာအားလုံးကို လွှတ်ချလိုက်တော့တာပဲ”

“ဒီအတွက် ကျနော့်အမှားဖြစ်ပြီး နောက်တကြိမ် တောင်းပန်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ အီဘရာဟီမိုဗစ်ဟာ ယူနိုက်တက်ကနေ LA ဂလက်ဆီကို ပြောင်းရွှေ့ခဲ့ပြီး အဲ့ဒီနောက် လက်ရှိအချိန်မှာတော့ အသင်းဟောင်း အေစီမီလန်မှာ ကစားလျက်ရှိပါတယ်။