ပီအက်စ်ဂျီကို ရာမို့စ်နဲ့ ဂျင်းထည့်တဲ့ အစီအစဥ်အောင်မြင်သွားတဲ့ ပါပါပီရက်ဇ်

ရီးရဲယ်မက်ဒရစ်ကနေ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ နောက်ခံလူကြီး ရာမို့စ်ဟာ လက်ရှိအချိန်မှာတော့ ဒဏ်ရာပြဿနာနဲ့ ထပ်မံရင်ဆိုင်နေရပြန်ပြီလို့ သိရပါတယ်။

ရာမို့စ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေက ကစားခဲ့တဲ့ စိန့်အက်တီယန်နဲ့ပွဲမှာ ပီအက်စ်ဂျီအတွက် ပထမဆုံးပွဲထွက် ကစားခဲ့ပေမယ့် ကြားရက်မှာ ကစားခဲ့တဲ့ နိုက်စ်နဲ့ပွဲကို လွဲချော်ခဲ့ရပါတယ်။

ဒါ့အပြင် ဒီနေ့မှာ ကစားမယ့် လန်းစ်နဲ့ အဝေးကွင်းပွဲအတွက်လည်း လိုက်ပါသွားခဲ့ခြင်းမရှိပါဘူး။ ရာမို့စ်ဟာ ကြွက်သားနာကျင်မှုဝေဒနာကို ခံစားနေရတာကြောင့် အခုလိုမျိုးပဲ လွဲချော်ခဲ့ရပြန်တာပါ။

အသက် (၃၅) နှစ်အရွယ် နောက်ခံလူကြီး ရာမို့စ်ဟာ ပြီးခဲ့တဲ့ရာသီတည်းက ကြံ့ခိုင်မှုပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး (၂၀၂၁) အတွင်း ရီးရဲယ်မက်ဒရစ်အတွက် (၅) ပွဲ၊ စပိန်လက်ရွေးစင်အတွက် (၂) ပွဲနဲ့ ပီအက်စ်ဂျီအတွက် (၁) ပွဲသာ ကစားပေးနိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီအတွက် ပထမဆုံးပွဲမကစားပေးခင်မှာလည်း ရာမို့စ်က ပွဲကစားခွင့်နဲ့ (၂၀၇) ရက်ကြာဝေးကွာခဲ့ရသေးတာပါ။

မကြာခင်ကပဲ ရာမို့စ်တယောက် ဒီလိုမျိုး ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတာကြောင့် အသင်းနဲ့စာချုပ်ဖျက်သိမ်းရတော့မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။

အခုချိန်မှာ ဒဏ်ရာထပ်ရတာကတော့ ပီအက်စ်ဂျီအတွက်ရော၊ ရာမို့စ်အတွက်ရော စိတ်ပျက်စရာပါ။ ရာမို့စ်ကို စာချုပ်သစ်မချုပ်ဘဲ ပီအက်စ်ဂျီဆီ သွားခွင့်ပေးလိုက်တဲ့ ရီးရဲယ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်ရဲ့ လုပ်ရပ်က  တော်တော်လေး မှန်ကန်သွားပြီလို့ ပီအက်စ်ဂျီကို လှောင်ပြောင်နေကြပါတယ်။