စင်ကာပူနဲ့ ပွဲကို ကစားဖို့ ကစားသမား၁၃ဦးပဲ ရှိတယ်လို့ ပြောခဲ့တဲ့ မြန်မာနည်းပြ အန်တွမ်နီဟေး

မြန်မာလက်ရွေးစင် အသင်းနည်းပြချုပ် အန်တွမ်နီဟေးက စင်ကာပူနဲ့ ပွဲစဉ်အတွက် ကစားသမား(၁၄)ဦး ပါ၀င်ဖို့ သံသယဖြစ်စရာအခြေအနေမှာရှိတယ်လို့ ပြောလိုက်ပါတယ်။မြန်မာ အသင်းဟာ မနက်ဖြန်မှာ ဆူဇူကီးဖလားအုပ်စုအဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင်စင်ကာပူ အသင်းနဲ့ ယှဉ်ပြိုင်ရ မှာဖြစ်ပါတယ်။

ဒီပွဲမတိုင်ခင်ပြုလုပ်တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အသက်(၅၁)နှစ်အရွယ်ရှိ ဂျာမန်လူမျိုး နည်းပြက အသင်းမှာရှိတဲ့ ကစား သမား(၂၇)ဦးမှာ (၄)ဦးက ဒဏ်ရာပြသနာရှိနေပြီး (၁၀)ဦးက ကိုဗစ်ပြန်စစ်ဖို့ လိုအပ်နေတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။အဲ့ဒါကြောင့် မြန်မာအသင်းဟာ ပွဲမတိုင်ခင်တရက်အလိုမှာ လေ့ကျင့်မှုတွေမပြုလုပ်နိုင်တာဖြစ်ပါတယ်။

အန်တွမ်နီဟေး က “စင်ကာပူနဲ့ ပွဲအတွက် ကစားသမား(၁၄)ဦးဟာ ပါ၀င်ဖို့ သံသယဖြစ်စရာအနေအထားမှာ ရှိနေတာပါ။အသင်းမှာ ဂိုးသမား(၄)ဦးအပါအ၀င် (၁၃)ဦးသာ ကျန်ရှိပါတော့တယ်။ကျွန်တော်တို့ ကစားဖို့ အဆင်သင့်ဖြစ်မယ့်သူ အနည်းဆုံးတော့ လုံလောက်မယ်လို့ မျှော်လင့်ပါတယ်”

“သေတော့မသေချာဘူးပေါ့။ဒါတွေဟာ အကောင်းဆုံးအခြေအနေမဟုတ်ပါဘူး။ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံးနဲ့အစွမ်းကုန်ကြိုးစားသွားမှာပါ။နောက်(၂၄)နာရီအတွင်းမှာ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ မြင်တွေ့ရမှာပါ။ကျွန်တော်တို့သွားနေတဲ့ လမ်းတလျှောက်မှာ အခက်အခဲတွေရှိပါတယ်”

“ဒါက အသစ်တခုစတင်နိုင်ဖို့ တွန်းအားပေးခဲ့တာပါ။လိဂ်ပြိုင်ပွဲမရှိချိန်မှာ ကစားသမားရှာဖွေဖို့ အလွန်ခက်ပါတယ်။ပြီးခဲ့တဲ့ (၆)ပတ်အတွင်းမှာ‌တော့အကောင်းဆုံးပြင်ဆင်မှုတွေပြုလုပ်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

မြန်မာ အသင်းဟာ ဆူဇူကီးဖလားပြိုင်ပွဲရဲ့အုပ်စု(A)မှာ ထိုင်း၊ဖိလစ်ပိုင်၊စင်ကာပူ၊တီမော တို့နဲ့ တအုပ်စုတည်းကျရောက်နေခဲ့တာဖြစ်ပါတယ်။မြန်မာအသင်းဟာ (၂၀၁၈)က ကစားခဲ့တဲ့ ဆူဇူကီးဖလားပြိုင်ပွဲမှာတော့ အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

မြန်မာ အသင်းဟာ လက်ရှိအချိန်ထိ ပြိုင်ပွဲယှဉ်ပြိုင်ဖို့ အပြီးသတ်လူစာရင်းတောင် မထုတ်ပြန်နိုင်သေးတာဖြစ်ပါတယ်။