လုပ်ပွဲလုပ်ခဲ့တဲ့ သူဆီက ဘာတွေမျှော်လင့်နေတာလဲလို့ ဒိုင်လူကြီးကို ဒဲ့ပြောလိုက်တဲ့ ဘယ်လင်ဂမ်

ဒေါ့မွန် အသင်းကွင်းလယ်ကစားသမား ဘယ်လင်ဂမ် က ဘိုင်ယန်မြူးနစ် အသင်းကို (၃)ဂိုး-(၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲမှာ ကွင်းလယ်ဒိုင်လူကြီး ဖီလစ်ဇွယ်ယာ ကို တိုက်ခိုက်လိုက်ပြီး သူဟာ အရင်တုန်းက လုပ်ပွဲတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့သူလို့ပြောလိုက်ပါတယ်။

ဒေါ့မွန်ကစားသမားတွေဟာ ဒီပွဲမှာ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်အများအပြားကို စိတ်ပျက်နေခဲ့တာဖြစ်ပြီး တဖက်(၂)ဂိုးစီ သရေကျနေတဲ့အချိန်မှာ ဟမ်းမဲလ် ဂိုးဧရိယာထဲမှာ လက်နဲ့ထိတယ်ဆိုပြီး ပင်နယ်တီ အဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ဒီပင်နယ်တီကို လီဝန်ဒေါစကီးက အမှားအယွင်းမရှိကန်သွင်းယူခဲ့တာပါ။

ဘိုင်ယန်မြူးနစ် အသင်းဟာ ဒီပွဲအနိုင်ရခဲ့တာကြောင့် ဒုတိယနေရာက ဒေါ့မွန် အသင်းကို (၄)မှတ်ဖြတ်ပြီး ဘွန်ဒစ်လီဂါ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေတာဖြစ်ပါတယ်။ဘယ်လင်ဂမ် က “ဒါဟာ ကျွန်တော့် အတွက်တော့ ပင်နယ်တီမဟုတ်ဘူးဆိုတာ ခင်ဗျားတို့သိလား။ဟမ်းမဲလ် က ဘောလုံးကိုတောင် မကြည့်ခဲ့ပါဘူး”

“သူက ဘောလုံးကိုပဲရဖို့ အာရုံစို်က်နေခဲ့တာပါ။အဲ့အချိန်မှာ ဘောလုံးက သူ့ကိုလာထိတာဖြစ်ပြီး သူက ဘောလုံးကို ကြည့်နေတယ်လို့တောင် ကျွန်တော်မထင်ပါဘူး။ဒါပေမယ့် ဒီပွဲရဲ့ဆုံးဖြတ်ချက်အများအပြားကို ပြန်ကြည့်ရင် ခင်ဗျားတို့သိမှာပါ”

“ဂျာမနိီရဲ့အကြီးမားဆုံးပွဲကို ကစားတဲ့အချိန််မှာ လုပ်ပွဲလုပ်ဖူးတဲ့ သူကို တာဝန်ပေးထားပါတယ်။အဲ့တော့ ဘာတွေကို မျှော်လင့်လို့ရမှာလဲလို့?”လို့ ဆိုခဲ့တာဖြစ်ပါတယ်။ဘယ်လင်ဂမ် ဟာ (၂၀၀၅) က ဂျာမန်ဘောလုံးမှာ ဖြစ်ခဲ့တဲ့ လုပ်ပွဲအရှုပ်တော်ပုံကို ရည်ညွှန်းခဲ့တာလည်းဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဇွယ်ယာ ဟာ အဲ့ဒီတုန်းက ဒိုင်လူကြီးတဦးဖြစ်တဲ့ ဟိုဇာ ဆီကနေ ယူရို(၃၀၀)ယူခဲ့ပြီး လာဘ်ယူခဲ့တဲ့တာကြောင့် ဒီထဲမှာ ပါဝင်ပတ်သက်မှုနဲ့ (၆)လပွဲပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ဟာလန်းကလည်း မာကိုရူးစ် ကို ဖြတ်ထုတ်ခဲ့တာနဲ့ ပတ်သက်ပြီး ပင်နယ်တီရသင့်ကြောင်း ဒိုင်လူကြီးကို ပြောခဲ့ပေမယ့် သူက မလိုဘူးဆိုပြီး VAR မကြည့်ခဲ့ဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။