တပွဲတည်းကိုင်ရသေး၊ ရော်နယ်ဒိုကိုရော၊ တသင်းလုံးကိုပါ ကျွတ်ကြဲသွားတယ်ဆိုတဲ့ ရန်းနစ်ဂ်

ယူနိုက်တက်နည်းပြသစ် ရန်းနစ်ဂ်ဟာ မနေ့က ခရစ္စတယ်ပဲလေ့စ်ကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီး ရော်နယ်ဒိုအပါအဝင် အသင်းကိုပါ ချီးကျူးစကားပြောကြားခဲ့ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်က ပွဲချိန်ပြည့်အကောင်းဆုံး ကစားနိုင်ခဲ့တယ်လို့ဆိုနိုင်ပြီး ဖရက်ဒ်ရဲ့ တလုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ဒီပွဲဟာ ရန်းနစ်ဂ်အတွက် ယူနိုက်တက်နည်းပြဘဝ ပွဲဦးထွက်ဖြစ်ပြီး ပွဲအပြီးမှာတော့ ရန်းနစ်ဂ်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ရန်းနစ်ဂ်က “အသင်းရဲ့ ကစားပုံအတွက် ကျနော် အရမ်းပျော်ရွှင်မိပါတယ်။ အထူးသဖြင့် ပွဲအစ နာရီဝက်လောက်ပေါ့”

“သိပ်ကိုကောင်းခဲ့ပြီး ကျနော်တို့အတွက် ၁-၀ ဒါမှမဟုတ် ၂-၀ ဖြစ်ဖို့ပဲ လိုအပ်ခဲ့တာပါ။ ခံစစ်ကစားပုံ ကောင်းခဲ့တယ်၊ တပွဲလုံးကို ထိန်းချုပ်နိုင်ခဲ့တယ်၊ ပြီးတော့ ဂိုးမပေးခဲ့ရတာက အရေးကြီးဆုံး အစိတ်အပိုင်းတခုပါ”

“ဒါ ကျနော်တို့အတွက် တိုးတက်ဖို့ လိုအပ်နေတဲ့အရာပါ။ လေ့ကျင့်ခန်း တခါပဲ ဆင်းပြီးချိန်မှာ အခုလို ကစားနိုင်တာ ကျနော် အရမ်းလေးစားပါတယ်။ မျှော်လင့်ထားတာထက် ပိုလုပ်နိုင်ခဲ့တာပါ။ ကျနော်တို့က နောက်ဆုံး (၅) မိနစ်မှာတောင် တိုက်စစ်ဆင်ဖို့ပဲ ကြိုးစားခဲ့ပါတယ်”

“ကျနော်တို့ တိုက်စစ်မှူးနှစ်ယောက်နဲ့ ကစားချင်ခဲ့ပြီး အထူးသဖြင့် ဗဟိုနေရာအတွက်ပေါ့။ ဒါနဲ့ ဘောလုံးမရှိချိန်မှာ ရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည်ကိုလည်း ကျနော်လေးစားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ရန်းနစ်ဂ်ဟာ ယူနိုက်တက်နည်းပြဘဝ ဒုတိယမြောက်ပွဲ၊ ချန်ပီယံလိဂ်ပွဲအဖြစ် ဒီကြားရက်မှာ ယန်းဘွိုင်းစ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။