ကွင်းထဲမှာတောင် အထာမထားဘဲ ဝူးဝူးဝါးဝါးတွေ ထလုပ်ခဲ့ကြတဲ့ မိုရာတာနဲ့ နည်းပြ အယ်လီဂရီ

ဂျူဗင်တပ်စ် နည်းပြ အယ်လီဂရီနဲ့ တိုက်စစ်မှူး မိုရာတာတို့ဟာ မနေ့က ကစားခဲ့တဲ့ ဂျီနိုအာနဲ့ပွဲမှာ ပွဲချိန်တွင်း အကြီးအကျယ် စကားများခဲ့ကြပါတယ်။

ဒီပွဲရဲ့ ပွဲကစားချိန် (၇၂) မိနစ်မှာ မိုရာတာတယောက် အဝါကတ်ထိခဲ့ပြီး အယ်လီဂရီကတော့ မိုရာတာကို ကွင်းဘေးခေါ်ပြီး ဆူပူကြိမ်းမောင်းခဲ့ရာက ပြဿနာအစပြုခဲ့တာပါ။

အယ်လီဂရီကလည်း မိုရာတာကို မွိုက်ဆီကင်းနဲ့ လူစားလဲဖို့ စီစဥ်ခဲ့ပြီး အဲ့ဒီအချိန်မှာပဲ နှစ်ယောက်အကြား ပြဿနာ ပိုမိုကြီးထွားခဲ့ပါတယ်။

အယ်လီဂရီက “မင်း ပြစ်ဒဏ်ဘောတွေ လျှောက်ပေးနေတာ၊ မင်းပါးစပ်ကို ပိတ်ထားတော့” လို့ မိုရာတာကို ပြောဆိုခဲ့ပြီး မိုရာတာကလည်း “ကျနော် ဘာလုပ်ခဲ့လို့လဲ” ဆိုပြီး အယ်လီဂရီကို ဒေါသတကြီးနဲ့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ဒီအသံတွေကိုတော့ ကွင်းဘေးက မိုက်ခရိုဖုန်းတွေကတဆင့် ဖမ်းယူရရှိခဲ့တာပါ။ ဂျူဗင်တပ်စ်ဟာ ဒီပွဲမှာ ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အသင်းအတွက် ကွာဒရာဒို၊ ဒီဘားလားတို့က ဂိုးတွေသွင်းယူပေးခဲ့ပါတယ်။

ကွာဒရာဒိုရဲ့ ဂိုးကတော့ ပြောစမှတ်တွင်စရာဖြစ်ခဲ့ပြီး ထောင့်ကန်ဘောကနေ တိုက်ရိုက်ဂိုးထဲဝင်သွားခဲ့တာပါ။ စနေညက ကစားခဲ့တဲ့ ရိုးမားနဲ့အင်တာမီလန်ပွဲမှာလည်း အင်တာမီလန်ကစားသမား ချာနိုဂလူးက ထောင့်ကန်ဘောကတဆင့် တိုက်ရိုက် ဂိုးသွင်းခဲ့သေးတာကြောင့် ဒီတပတ် စီးရီးအေကတော့ ထူးထူးဆန်းဆန်းတွေဖြစ်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။