ကမ္ဘာကျော်ထိပ်တန်းနည်းပြဖြစ်လာဖို့ တာစူနေတဲ့ ဂျရတ်ရဲ့ စွမ်းဆောင်ရည်များ

မနေ့က ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့လက်စတာပွဲမှာ အက်စတွန်ဗီလာတို့ ၂-၁ ဂိုးနဲ့ အိမ်ကွင်းမှာ အနိုင်ရရှိခဲ့ပါတယ်။

အက်စတွန်ဗီလာတို့ အနိုင်ဂိုးနှစ်ဂိုးလုံးကို နောက်ခံလူ အန်ဂိုယိုက သွင်းယူပေးခဲ့ပြီး ဂျရတ်အတွက် ပရီးမီးယားလိဂ် (၄) ပွဲမှာ (၃) ပွဲ အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့တာပါ။

တဖက်က လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာဟာ ဂျရတ်နဲ့အတူ လီဗာပူးမှာ အတူတွဲအလုပ်လုပ်ခဲ့ဖူးပြီး အဲ့ဒီအချိန်မှာ ဘရန်ဒန်ရော်ဂျာက လီဗာပူးနည်းပြ၊ ဂျရတ်က လီဗာပူးအသင်းခေါင်းဆောင်ဖြစ်ခဲ့တာပါ။

မနေ့က လက်စတာကို အနိုင်ရရှိခဲ့တာဟာ ဂျရတ်အတွက်တော့ ဆရာဟောင်းကို အနိုင်ယူခဲ့တာလို့ဆိုနိုင်ပါတယ်။ ဂျရတ်ဟာ ရိန်းဂျားစ်နည်းပြအဖြစ်ကနေ မကြာခင်ကမှ အက်စတွန်ဗီလာကို နည်းပြအဖြစ် ပြောင်းရွှေ့လာခဲ့တာပါ။

အက်စတွန်ဗီလာဟာ ဂျရတ်ကိုင်တွယ်ထားတဲ့ ပရီးမီးယားလိဂ် ပွဲစဥ် (၄) ပွဲမှာ (၃) ပွဲအထိ အနိုင်ရရှိထားပြီး မန်စီးတီးနဲ့ တပွဲသာ ရှုံးနိမ့်ထားတာပါ။

ဘရိုက်တန်၊ ခရစ္စတယ်ပဲလေ့စ်နဲ့ အခု လက်စတာတို့ကို အနိုင်ရရှိအောင် စွမ်းဆောင်ထားတဲ့ ဂျရတ်ဟာ နိုဝင်ဘာအတွက် ပရီးမီးယားလိဂ် တလတာအကောင်းဆုံးနည်းပြဆု ဆန်ခါတင်စာရင်းမှာလည်း လီဗာပူးနည်းပြ ယာဂင်ကလော့ပ်၊ မန်စီးတီးနည်းပြ ဂွါဒီယိုလာတို့နဲ့အတူ ပါဝင်နေပါတယ်။

ကစားသမားဘဝမှာ လီဗာပူးနဲ့ ပရီးမီးယားလိဂ်ဖလားမရခဲ့တဲ့ ဂျရတ်က လက်ရှိ ပရီးမီးယားလိဂ် ခရီးလမ်းမှာတော့ လှပတဲ့အချိန်တွေကို ပိုင်ဆိုင်နေပြီး အက်စတွန်ဗီလာနဲ့အတူ နည်းပြဘဝ နောက်တဆင့်ကို တက်လှမ်းနိုင်မလား စောင့်ကြည့်ရတော့မှာပါ။