ဘိုင်ယန်ကို လက်စားချေချင်စိတ်ပြင်းထန်နေတယ် ဆိုတဲ့ ဒီပိုင်း

ဘာစီလိုနာ အသင်းတိုက်စစ်ကစားသမား ဒီပိုင်း ကတော့ ဘိုင်ယန်မြူးနစ် အသင်းကို လက်စားချေချင်စိတ်ပြင်းထန်နေတယ်လို့ ပြောလိုက်ပါတယ်။ဘိုင်ယန်နဲ့ ဘာစီလိုနာ တို့ဟာ ကြာသပတေးနေ့မှာ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲအဖြစ် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်း အိမ်ကွင်းမှာ ကစားမယ့် ဒီပွဲမှာ အိမ်ရှင်အသင်းဟာ အုပ်စုတက်ပြီးသားဖြစ်လို့ အရေးမကြီးပေမယ့် ဘာစီလိုနာ အတွက် နောက်တဆင့်တက်နိုင်ဖို့သေရေးရှင်ရေးသမျှ အရေးကြီးနေတာဖြစ်ပါတယ်

ဘာစီလိုနာ အသင်းဟာ ဒီပွဲကို အနိုင်ရအောင် ကစားမှ (၁၆)သင်းအဆင့်ကို တက်နိုင်မှာဖြစ်ပြီး အနိုင်မရရင်တော့ အုပ်စုတွင်း ပွဲစဉ်တပွဲဖြစ်တဲ့ ဘင်ဖီကာ နဲ့ ဒိုင်နမိုကိဗ် တို့ရဲ့ပွဲစဉ်ရလဒ်ကို စောင့်ကြည့်ရတော့မှာပါ။ဘင်ဖီကာ အသင်း အနိုင်ရခဲ့ရင်တော့ ဘာစီလိုနာ အသင်းဟာ ယူရိုပါလိဂ်ကို ဆင်းပြီး ကစားရတော့မှာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဘာစီလိုနာ အသင်းဟာ ဒီပွဲကို အနိုင်ရဖို့ စိတ်ဓါတ်အပြည့်နဲ့ မြူးနစ်ဆီကို အရောက်လာမှာဖြစ်ပါတယ်။ဘာစီလိုနာ အသင်းတိုက်စစ်ကစားသမား ဒီပိုင်းကတော့ ဒီပွဲအတွက် အဆင်သင့်ဖြစ်နေပြီး လက်စားချေချင်တယ်လို့ အသင်းနဲ့ ပြုလုပ်တဲ့ အင်တာဗျုးမှာ ပြောခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းနည်းပြ ဇာဗီနဲ့ ဥက္ကဌ လာပေါ်တာ တို့ကလည်း ဘိုင်ယန်မြူးနစ် ကို အနိုင်ရပြီး အသင်း နောက်တဆင့်တက်နိုင်မယ်ဆိုတာ ယုံကြည်နေကြတာဖြစ်ပါတယ်။ဒီနှစ်သင်း ပထမအကျော့အဖြစ် နူးကမ့်ပ်ကွင်းမှာ ကစားခဲ့တုန်းက ဘိုင်ယန်မြူးနစ်က (၃)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

ဘာစီလိုနာ အသင်းဟာ ဘိုင်ယန်မြူးနစ်နဲ့ ယှဉ်ပြိုင်ဖို့ အတွက် အန်ဆုဖာတီ က လွဲပြီး လူစုံတက်စုံခေါ်သွားခဲ့တာလည်းဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ ပြီးခဲ့တဲ့ အပတ်က ဘက်တစ်နဲ့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အရေးနိမ့်ခဲ့ပြီး နည်းပြ ဇာဗီ လက်ထက်ပထမဆုံးရှုံးပွဲကို ကြုံတွေ့ခဲ့ရဝာာလည်းဖြစ်ပါတယ်။ဘာစီလိုနာ အသင်းဟာ ဘိုင်ယန်နဲ့ ပွဲပြီးရင် အိုဆာ‌ဆူနာ နဲ့ လာလီဂါပွဲယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။