ဂျပန်ကြီးမျက်နှာကို အမှန်အကန်တက်နင်းခဲ့ပေမယ့် အနီကတ်နဲ့ လွတ်သွားတဲ့ အဲဗာတန်ကစားသမား

မနေ့ညက ကစားခဲ့တဲ့ အဲဗာတန်နဲ့အာဆင်နယ်ပွဲမှာတော့ အဲဗာတန်က ဂရေးရဲ့ နောက်ကျသွင်းဂိုးနဲ့အတူ အိမ်ကွင်းမှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲမှာ အငြင်းပွားစရာတွေရှိခဲ့ပြီး ပထမပိုင်း ပွဲကစားချိန် (၂၇) မိနစ်မှာ အဲဗာတန်နောက်ခံလူ ဂေါ့ဒ်ဖရေးတယောက် အာဆင်နယ်နောက်ခံလူ တိုမီယာဆုရဲ့ မျက်နှာကို တည့်တည့်ကြီး တက်နင်းမိခဲ့တာပါ။

ဒီဖြစ်ရပ်ကို VAR နဲ့ ပြန်လည်ကြည့်ရှုစစ်ဆေးခဲ့သေးပေမယ့် တော်တော်လေးကို ကံကောင်းလွန်းခဲ့တဲ့ ဂေါ့ဒ်ဖရေးတယောက် တိုက်ရိုက်အနီကတ်ပြစ်ဒဏ်ကနေ လွတ်မြောက်ခဲ့ရတာဖြစ်ပါတယ်။

တိုမီယာဆုကို ဂေါ့ဒ်ဖရေးရဲ့ ဝင်ရောက်ပုံက တော်တော်လေးကို ပြင်းထန်ခဲ့ပြီး ပရိသတ်တွေအားလုံး အလန့်တကြားဖြစ်ခဲ့ရတာပါ။

ဒီအတွက်လည်း ဝေဖန်မှုတွေရှိနေပြီး ပရိသတ်တယောက်က “VAR က ဟာသပဲဗျ။ တကယ်လို့ အဲ့ဒီနေရာမှာသာ ချာကာဆိုရင် ချက်ချင်းအထုတ်ခံရမှာပါ။ ဂေါ့ဒ်ဖရေးက တိုမီယာဆုရဲ့ မေးစေ့ပေါ်ကို တည့်တည့်နင်းလိုက်တာပါ။ ဒါပေမယ့် အဝါကတ်တောင် မထိခဲ့ဘူးဗျာ” လို့ ဝေဖန်ရေးသားခဲ့ပါတယ်။

ဒီပွဲမှာ အဲဗာတန်ဘက်က တိုက်စစ်မှူး ရစ်ချာလီဆန်ရဲ့ သွင်းဂိုးတဂိုးကိုလည်း VAR က မီလီမီတာအနည်းငယ်လောက် လူကျွံနေတယ်ဆိုပြီး ခွင့်ပြုခဲ့ခြင်းမရှိပါဘူး။

အာဆင်နယ်ဟာ ဒီပွဲမှာ အိုဒီဂတ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ရစ်ချာလီဆန်၊ ဂရေးတို့ရဲ့ နောက်ကျသွင်းဂိုးတို့ကြောင့် အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။