ပီအက်စ်ဂျီမှာ ဘူနေပါတယ်ဆိုမှ ဟိုတယ်အလုံးလိုက်ကြီး ဂျင်းထည့်ခံထိပြန်တဲ့ မက်ဆီ

မက်ဆီအနေနဲ့ ပီအက်စ်ဂျီမှာ နည်းပြ ပိုချက်တီနိုရဲ့ နည်းစနစ်ပိုင်းတွေကို ကြိုက်နှစ်သက်ခြင်းမရှိဘူးလို့ သတင်းတွေထွက်ပေါ်လာချိန်မှာပဲ ဘာစီလိုနာမြို့က သူ့ကိုယ်ပိုင် ဟိုတယ်ကိုပါ ဖြိုချရမယ့် အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

MiM Sitges လို့အမည်ရတဲ့ ဒီဟိုတယ်က ကြယ်လေးပွင့်အဆင့်ရှိပြီး အခန်းပေါင်း (၇၇) ခန်း ထည့်သွင်းတည်ဆောက်ထားတာပါ။

ဒါပေမယ့် ဒီဟိုတယ်ရဲ့ တည်ဆောက်မှုအနေအထားက ဘာစီလိုနာမြို့ရဲ့ တည်ဆောက်ပုံ အဆင့်အတန်း သတ်မှတ်ချက်ကို မပြည့်မှီတာကြောင့် အခုလိုပဲ ချုံ့ရင်ချုံ့ ဒါမှမဟုတ် အပြီးဖြိုချရမှာဖြစ်ပါတယ်။

ဟိုတယ်ရဲ့ ဝရံတာတွေက အရမ်းကိုကြီးမားလွန်းနေသလို အရေးပေါ် မီးငြိမ်းသတ်ရေး အစီအစဥ်တွေကလည်း သတ်မှတ်ထားတဲ့ စံနှုန်းကို မပြည့်မှီသေးပါဘူး။

မက်ဆီဟာ ဒီဟိုတယ်ကို ပြီးခဲ့တဲ့ (၂၀၁၇) မှာ ဝယ်ယူခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက ဒီဟိုတယ်နဲ့ပတ်သက်လို့ အခုလိုဖြိုချခံရဖို့ အမိန့်ထုတ်ထားတာကို မသိရှိခဲ့ဘဲ သတင်းထောက်တွေက ဒီကိစ္စအပေါ် မေးမြန်းတော့မှသာ သိရှိခဲ့ရတာပါ။

မက်ဆီဟာ အိုင်ဘီဇာနဲ့ မာယောကာတို့မှာလည်း ကိုယ်ပိုင်ဟိုတယ်တွေ ပိုင်ဆိုင်ထားပြီး လက်ရှိ ဘောလုံးရာသီ အစောပိုင်းမှာတော့ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့တာကြောင့် ပဲရစ်မြို့မှာ ပြောင်းရွှေ့နေထိုင်နေပါတယ်။

မက်ဆီအနေနဲ့ ဘာစီလိုနာမှာ ကိုယ်ပိုင်အိမ်တလုံးရှိပြီး အားလပ်ရက်ရတိုင်း ဘာစီလိုနာကိုပြန်ကာ အနားယူလေ့ရှိတယ်လို့လည်း သတင်းမီဒီယာတွေက ဖော်ပြခဲ့ဖူးပါသေးတယ်။