အာဖရိက,ကစားသမားတွေနဲ့မို့လို့ ကလော့ပ်ပါးပြောင်နေတာလို့ ဆီနီဂေါနည်းပြပွဲကြမ်း

ဆီနီဂေါနည်းပြ အလူးဆစ်ဆီက အာဖရိကဖလားပြိုင်ပွဲကို သေးနုံတဲ့ပြိုင်ပွဲတပွဲအဖြစ် မှတ်ချက်ပေးခဲ့တဲ့ လီဗာပူးနည်းပြ ကလော့ပ်ကို အပြင်းအထန် ထိုးနှက်ခဲ့ပါတယ်။

ကလော့ပ်ရဲ့ လီဗာပူးမှာ နာဘီကီတာ၊ မာနေး၊ ဆာလာတို့ကို အာဖရိကဖလားပြိုင်ပွဲအတွက် စေလွှတ်ရမှာဖြစ်ပြီး ဒီအတွက် ကလော့ပ်တယောက် စိတ်ညစ်နေရတာပါ။

အဲ့ဒါကြောင့်လည်း သတင်းစာရှင်းလင်းပွဲမှာ ကလော့ပ်က အာဖရိကဖလားပြိုင်ပွဲနဲ့ ပတ်သက်လို့ သေးငယ်တဲ့ပြိုင်ပွဲဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဒီအပေါ်မှာတော့ ဆီနီဂေါနည်းပြ အလူးဆစ်ဆီက “ကလော့ပ်က သူ့ကိုယ်သူ ဘာထင်နေတာလဲ? ကျနော်က ဆီနီဂေါနည်းပြ။ ကျနော့်ကစားသမားတွေထဲမှာ လီဗာပူးအတွက် ကစားပေးနေတဲ့ ကစားသမားတွေရှိတယ်”

“ကျနော် လီဗာပူးကိုလည်း လေးစားမှုထားပါတယ်။ ဒါပေမယ့် အာဖရိကဖလားကို နှိမ့်ချပြောတဲ့ ကလော့ပ်ကိုတော့ ကျနော် မလေးစားပါဘူး။ သူ ဒီနေ့ ဒီနေရာကိုရောက်နေတာ အာဖရိက ကစားသမားတွေကြောင့်ပါ”

“အခု သူက အာဖရိကဖလားပြိုင်ပွဲကို သေးငယ်တဲ့ပွဲလေးဆိုပြီး လုပ်နေပါတယ်။ အာဖရိကဖလားက ယူရိုပြိုင်ပွဲလိုပဲ (၂၄) သင်းရှိပါတယ်။ သူ့လိုတွေးတဲ့သူရောရှိရဲ့လား?”

“အာဖရိကဖလားပြိုင်ပွဲမှာ သူ့ လီဗာပူးကို တောက်ပအောင် လတ်တလော ကူညီပေးနေတဲ့ ကြယ်ပွင့်ကစားသမားတွေရှိပါတယ်။ ဒီတော့ အာဖရိကဖလားပြိုင်ပွဲက ယူရိုပြိုင်ပွဲနဲ့ အဆင့်အတန်းချင်း အတူတူပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

ကလော့ပ်ကတော့ သူ့ရဲ့ပြောစကားတွေနဲ့ ပတ်သက်လို့ ဒီလိုမျိုး မကောင်းတဲ့ဘက်က ရည်ရွယ်တာမဟုတ်ဘူးလို့ ပြန်လည်ဖြေရှင်းထားပါသေးတယ်။