ဂိုးမြူးပြီး အနီကတ်တွေလည်း ပလူပျံခဲ့တဲ့ UCL အုပ်စုနောက်ဆုံးပွဲစဉ်များ

ဒီမနက်ပိုင်းကတော့ ချန်ပီယံလိဂ်အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်ရဲ့ပထမနေ့ပွဲစဉ်ကို ယှဉ်ပြိုင်ကစသွားခဲ့ကြပါတယ်။အုပ်စုတက်ဖို့ (၁)နေရာအတွက်သာ အဓိက ယှဉ်ပြိုင်ခဲ့ရပေမယ့် တခြားပွဲတွေစဉ်ကလည်း ဂိုးအများအပြားသွင်းပြီး ပရိသတ်တွေကို ဖျော်ဖြေပေးခဲ့ကြပါတယ်။

ဒီမနက်က ကစားခဲ့တဲ့ ပွဲစဉ်မှာ အသင်းအားလုံးရဲ့သွင်းဂိုးဟာ ဂိုး(၃၀)အထိ ရှိခဲ့တာဖြစ်ပြီး အနီကတ်(၆)ကတ်အထိ ပြသခံခဲ့ရတာဖြစ်ပါတယ်။

အုပ်စုတက်ဖို့ အဆုံးအဖြတ်ပွဲစဉ်ဖြစ်တဲ့ ပေါ်တို နဲ့ အသလက်တီကို ပွဲဟာ ပွဲကြမ်းတပွဲဖြစ်ခဲ့ပြီး အနီကတ်(၃)ကတ်အထိ ရယူခဲ့ကြတာပါ။ဒီပွဲမှာ အသလက်တီကို အသင်းက (၃)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရပြီး နောက်တဆင့်တက်နိုင်ခဲ့တာဖြစ်ပါတယ်။

အေဂျတ်စ်နဲ့ လီဗာပူးလ် အသင်းတို့ကတော့ အုပ်စုတွင်းရာနှုန်းပြည့်နိုင်ပွဲနဲ့ နောက်တဆင့်တက်ခဲ့တာပါ။ပီအက်စ်ဂျီ အသင်းမှာ ခြေစွမ်းမပြနိုင်လို့ ဝေဖန်ခံနေရတဲ့ မက်ဆီ ကတော့ ကလပ်ဘရုဂ်ျ ကို အနိုင်ရတဲ့ ပွဲမှာ (၂)ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နာမည်ကြီး အေစီမီလန် ကတော့ ချန်ပီယံလိဂ်ကစားခွင့်ရဖို့ (၇)နှစ်ကြာ စောင့်ဆိုင်းခဲ့ရပေမယ့် အုပ်စုတွင်း နောက်ဆုံးနေရာမှာသာ ရပ်တည်နိုင်ခဲ့တာပါ။အဲ့ဒါကြောင့်လည်း ယူရိုပါလိဂ်တောင် ဝင်ခွင့်မရဘဲ ဥရောပပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးလည်းဖြစ်ပါတယ်။

ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ဟာလန်းကလည်း ဒေါ့မွန် အတွက် လူစားဝင်ပြီး (၂)ဂိုးအထိ သွင်းယူပေးသွားခဲ့ပါတယ်။ဒါပေမယ့် ဒေါ့မွန် အသင်းကတော့ ယူရိုပါလိဂ်ဆင်းကစားရမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ်(၁၆)သင်းအဆင့်အတွက် လက်ရှိအချိန်မှာ အသင်း(၁၂)သင်းက အဖြေပေါ်သွားခဲ့ပြီဖြစ်ပါတယ်။လက်ကျန်(၄)နေရာအတွက်ကတော့ မနက်ဖြန်မနက်မှာ ကစားမယ့် ပွဲစဉ်တွေပြီးရင် တွေ့မြင်ရတော့မှာဖြစ်ပါတယ်။