လမ်းမလျှောက်နိုင်တဲ့လူကို မနက်ဖြန်ဘောလုံးသွားကန်ရမှာပါဆိုတဲ့အကွက်နဲ့ ဘာကာကိုနှစ်သိမ့်နေ

ဘိုင်ယန်မြူးနစ်နည်းပြ နာဂျယ်လ်စမန်းက ဒီည ကစားမယ့် ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲမှာ လူစုံတက်စုံ အသုံးပြုသွားမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဘာစီလိုနာရဲ့ ချန်ပီယံလိဂ် အုပ်စုတက်ရေး၊ မတက်ရေး အဆုံးအဖြတ်က ဘိုင်ယန်မြူးနစ် လက်ထဲ ရောက်ရှိနေပြီး ဘင်ဖီကာနဲ့ဒိုင်နမိုကိဗ်ပွဲမှာ ဘင်ဖီကာနိုင်၊ ဘာစီလိုနာသာ နိုင်ပွဲပျောက် ဆိုရင်တော့ ဘာစီလိုနာတို့ အုပ်စုအဆင့်ကနေ လှည့်ပြန်ရဖို့ရှိနေတာပါ။

ဘာစီလိုနာဟာ အိမ်ကွင်းနူးကမ့်မှာတုန်းကလည်း ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ်ရှုံးနိမ့်ထားတာကြောင့် အဝေးကွင်းမှာ နိုင်ပွဲရဖို့ဆိုတာကတော့ တော်တော်လေး ခဲယဥ်းနေပါတယ်။

ဘိုင်ယန်မြူးနစ်ကတော့ အုပ်စု ပထမနဲ့ ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်ခဲ့ပြီးဖြစ်ပေမယ့် နည်းပြ နာဂျယ်လ်စမန်းကတော့ “ကျနော်တို့ရဲ့ အကောင်းဆုံးအသင်းနဲ့ ရင်ဆိုင်မှာပါ။ လစ္စဘွန်းက ဘင်ဖီကာရေ။ ဘာမှ စိတ်မပူနဲ့”

“ကင်မစ်ချ်ကတော့ ကစားဖို့ မဖြစ်နိုင်ပါဘူး။ လာမယ့်စနေပွဲမှ သူပါနိုင်မလား ကြည့်ရမှာပါ။ ဘာစီလိုနာမှာ ကမ္ဘာ့အဆင့် ကစားသမားတွေရှိနေဆဲပါ။ သူတို့က အခု အုပ်စုမှာ ဖိအားတွေများနေပြီး ဒီပွဲကို မဖြစ်မနေနိုင်ဖို့ လိုအပ်ပါတယ်”

“အဲ့ဒီအတွက်လည်း အရာအားလုံး ပေးဆပ်ကြပါလိမ့်မယ်။ ကျနော်တို့အတွက်လည်း (၃) မှတ်က အရေးကြီးပါတယ်။ ဘာစီလိုနာက အခုချိန်ထိ ချန်ပီယံလိဂ်ဖလားကို စိန်ခေါ်နိုင်တဲ့ အသင်းဖြစ်နေဆဲပါ”

“ကျနော်တို့ အုပ်စု ပထမရပြီးတဲ့အတွက် ဝမ်းသာရပေမယ့် ဒီပွဲက အရေးပါတဲ့ပွဲတပွဲဖြစ်နေဆဲပါ။ ချန်ပီယံလိဂ်က အမြဲတမ်း ထူးခြားခမ်းနားတဲ့ ပြိုင်ပွဲဖြစ်ပြီး အုပ်စုက အခြားအသင်းတွေအတွက်လည်း တရားမျှတမှုရှိစေချင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။