လီဗာပူး၊ ဘာကာတို့ထက် ပိုချစ်ရတဲ့အသင်းကို ရှာတွေ့သွားပြီဖြစ်တဲ့ ဆွာရက်ဇ်

အက်သလက်တီကို တိုက်စစ်မှူး ဆွာရက်ဇ်ဟာ မနေ့ညက ကစားခဲ့တဲ့ ပေါ်တိုနဲ့ ချန်ပီယံလိဂ်ပွဲစဥ်မှာ လူစားလဲခံရပြီးနောက် အရံခုံမှာ ငိုကြွေးနေခဲ့ရပါတယ်။

ဒီပွဲဟာ အက်သလက်တီကိုအတွက် အုပ်စုတက်ရေး အရေးပါတဲ့ပွဲဖြစ်ပြီး အဝေးကွင်းမှာ ပေါ်တိုကို ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒါ့အပြင် တဖက်က အေစီမီလန်ကလည်း အိမ်ကွင်းမှာ လီဗာပူးကို ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အက်သလက်တီကိုအနေနဲ့ အုပ်စု နောက်ဆုံးနေရာကနေ အုပ်စုဒုတိယနေရာကို ရောက်ရှိကာ နောက်တဆင့်ကို တက်ရောက်ခဲ့ပါတယ်။

ဆွာရက်ဇ်က ဒီပွဲအတွက် ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ဒဏ်ရာရရှိခဲ့တာကြောင့် ပွဲကစားချိန် (၁၃) မိနစ်မှာတင် လူစားလဲခံခဲ့ရပါတယ်။

အသင်းအတွက် အရေးပါတဲ့အချိန်မှာ ကစားပေးခွင့်မရတာကြောင့်လည်း ဆွာရက်ဇ်တယောက် အခုလိုပဲ အရံခုံမှာ ငိုကြွေးနေခဲ့ရတာပါ။

အက်သလက်တီကိုကတော့ ဒီပွဲမှာ ဂရစ်ဇ်မန်း၊ ကော်ရီယာ၊ ရိုဒရီဂိုဒီပေါလ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲကြမ်းတပွဲဖြစ်ခဲ့တဲ့ ဒီပွဲမှာ  ပေါ်တိုဘက်က ဝမ်ဒဲလ်၊ မာချီဆန်နဲ့ အက်သလက်တီကိုဘက်က ကာရက်စ်ကိုတို့ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

လာမယ့် တနင်္ဂနွေမှာ အက်သလက်တီကိုက ရီးရဲယ်မက်ဒရစ်နဲ့ မက်ဒရစ်ဒါဘီအဖြစ် ရင်ဆိုင်ရဖို့ရှိပြီး ဆွာရက်ဇ်အနေနဲ့လည်း ဒီပွဲမှာရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အဲ့ဒီပွဲမှာ ပါဝင်ခွင့်ရဖို့ မသေမချာဖြစ်နေပါတယ်။