မြူးနစ်မှာ ဘယ်တုန်းကမှမနိုင်ဘူးဆိုတာကို ချိုးဖျက်ပြမယ်လို့ ကြုံးဝါးခဲ့တဲ့ ဇာဗီ

ဘာစီလိုနာ အသင်းနည်းပြ ဇာဗီ ဟာ ဘိုင်ယန်မြူးနစ် ကစားမယ့်ပွဲအတွက် ယုံကြည်မှုအပြည့်ရှိနေတယ်လို့ ပြောလိုက်ပါတယ်။ဒီပွဲဟာ ဘာစီလိုနာ အသင်းအတွက် အနိုင်ရဖို့လိုအပ်နေတာနေပြီး သေရေးရှင်ရေးတမျှ အရေးကြီးနေတာလည်းဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့နောက်တဆင့်ကို တက်ဖို့ အတွက် ဘိုင်ယန်မြူးနစ်နဲ့ ကစားရမယ့်ပွဲကို အနိုင်ဖိ်ု့လိုအပ်နေတာဖြစ်ပါတယ်။ဘာစီလိုနာ အနေနဲ့ ဘိုင်ယန်မြူးနစ် ကို အရေးနိမ့်ခဲ့မယ်ဆိုရင် အုပ်စုတွင်း အခြားတပွဲမှာ ဒိုင်နမိုကိဗ် က ဘင်ဖီကာ ကို အနိုင်ရဖို့ မျှော်လင့်ရမှာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းဟာ လက်ရှိအချိန်မှာ ခြေစွမ်းကောင်းတွေပိုင်ဆိုင်ထားတာဖြစ်ပြီး အုပ်စုတွင်း ပွဲစဉ်(၅)ပွဲလုံး အနိုင်ရရှိထားတာပါ။ဘိုင်ယန်မြူးနစ် အသင်းဟာ အုပ်စုတွင်းမှာ ပထမအကျော့အဖြစ် တွေ့ဆုံခဲ့တုန်းက ဘာစီလိုနာ အသင်းကို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဇာဗီ က “ကျွန်တော်ကစားသမားတွေဆီ ပေးချင်တဲ့ မက်ဆေ့ကတော့ သူတို့ဟာ အရာအားလုံးကို မေ့ထားပြီး ဖိအားတွေကိုလည်း မေ့ပစ်လိုက်ပါ။ဒါတွေကို ကူညီဖို့ ကျွန်တော်ရှိနေပါတယ်။ခက်ခဲတဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ရမှာသိပေမယ့် ဘောလုံးကို ကိုင်ထားပြီး ပွဲကိုကြီးစိုးဖို့လိုပါတယ်”

“ဒါဟာ ခက်ခဲတဲ့ အလုပ်ဆိုတာကို သိပါတယ်။သမိုင်းကြောင်းအရ မြူးနစ်မှာ ဘယ်တုန်းကမှ အနိုင်မရထားဘူးလို့တော့ ဆိုထားပါတယ်။ဒါပေမယ့် သမိုင်းကတော့ ချိုးဖျက်သွားဖို့ ရှိနေပါပြီ။ဒါကို စောင့်မျှော်နေပါတယ်”

“ကျွန်တော်တို့လက်ထဲမှာ ရှိတဲ့ အရာအားလုံးကို ပေးသွားမှာပါ။ပွဲပြီးရင်တော့ ဒါကိုတွေ့ရမှာပါ။ဒါကို အံဖွယ်အရာလို့ မမြင်ပါဘူး။ဒါဟာ ပွဲတပွဲတည်းဖြစ်ပြီး ဘယ်ပြိုင်ဘက်ကိုမဆို အနိုင်ယူနိုင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်န့ ဘာစီလိုနာ အသင်းတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၉)ကြိမ်တွေ့ဆုံခဲ့ပြီး ဘိုင်ယန်မြူးနစ် အသင်းက (၇)ကြိမ်အနိုင်ရထားတာဖြစ်ပါတယ်။ဘာစီလိုနာ အသင်းက (၂)ကြိမ်အနိုင်ရခဲ့ပြီး အဆိုပါ (၂)ကြိမ်လုံးက နူးကမ့်ပ်ကွင်းမှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။