နှစ်ပေါင်း ၁၇နှစ်အကြာမှ ပထမဆုံးအကြိမ် ယူရိုပါလိဂ်ကစားရ‌တော့မယ့် ဘာစီလိုနာ

ဘာစီလိုနာ အသင်းဟာ ဒီမနက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် အသင်းကို (၃)ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲကို ဆင်းကစားရတော့မှာဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ ဒီပွဲကို အနိုင်ရမှ နောက်တဆင့်တက်မှာ ဖြစ်ပေမယ့် ဂိုးပြတ်အရေးနိမ့်သွားခဲ့တာပါ။ဘိုင်ယန်မြူးနစ် အတွက် ဂိုးတွေကို မူလာ၊ဆာနေးနဲ့ မူဆလီယာ တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းဟာ အုပ်စုတက်ပြီးသားဖြစ်ပေမယ့် လူစာရင်းအပြည့်နဲ့ ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာ အသင်းကလည်း သူတို့အတွက် အရေးကြီးတဲ့ ပွဲဖြစ်လို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့တာပါ။

ဒါပေမယ့် ဘာစီလိုနာ အသင်းဟာ ဘိုင်ယန်မြူးနစ် အသင်းဘက်ကို ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေနည်းပါးခဲ့တာကြောင့် မျှော်လင့်သလို ဖြစ်မလာခဲ့ဘဲ ပထမပိုင်းမှာတင် (၂)ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

အဓိက နောက်ခံလူ အယ်လ်ဘာ ပွဲချိန်မိနစ်(၃၀) မှာ ဒဏ်ရာရသွားခဲ့တာကလည်း အသင်းအတွက် နစ်နာခဲ့ရတာဖြစ်ပါတယ်။ဒုတိယပိုင်းမှာ ဘိုင်ယန်မြူးနစ် အသင်းက တတိယဂိုးသွင်းပြီး ပွဲကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့တာကြောင့် (၃)ဂိုး-ဂိုးမရှိနဲ့ ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဘာစီလိုနာ အသင်းဟာ (၂၀၀၃-၀၄) နောက်ပိုင်း (၁၇)နှစ်အကြာမှ ပထမဆုံးအကြိမ် ယူရိုပါလိဂ်ပြိုင်ပွဲကို ကစားရတော့မှာဖြစ်ပါတယ်။ပွဲမတိုင်ခင်က ဘိုင်ယန်မြူးနစ် ကို အနိုင်ကစားမယ်လို့ ပြောထားတဲ့ နည်းပြ ဇာဗီ အတွက်လည်း စိတ်ပျက်စရာဖြစ်ခဲ့တာပါ။

ဒီအုပ်စုရဲ့အခြားပွဲစဉ်တပွဲမှာတော့ ဘင်ဖီကာ အသင်းက ဒိုင်နမိုကိဗ် အသင်းကို (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် အုပ်စုဒုတိယနဲ့ (၁၆)သင်း အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။