ဘာကာ ရဲ့ခေတ်သစ်ကို ဇီးရိုးကနေ စရတော့မယ်လို့ ပြောလာတဲ့ ဇာဗီ

ဘာစီလိုနာ အသင်းကတော့ ဒီမနက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် ကို အရေးနိမ့်ခဲ့ပြီးနောက် အုပ်စုတတိယနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲကို ဆင်းပြီး ကစားရတော့မှာဖြစ်ပါတယ်။

ရာသီမစတင်ခင်က မက်ဆီကို စာချုပ်သစ်မချုပ်နိုင်လို့ လက်လွှတ်ခဲ့ရတဲ့ ဘာစီလိုနာ အသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေ၊ရလဒ်ဆိုးတွေနဲ့ ရုန်းကန်ခဲ့ရပြီး နည်းပြအပြောင်းအလဲ ပါပြုလုပ်ခဲ့ရပြီး ဇာဗီ ကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ကစားသမားဟောင်းဖြစ်တဲ့ ဇာဗီ ဟာ အသင်းကို လမ်းကြောင်းမှန်ပေါ်ပြန်လည်ရောက်ဖို့ အားလုံးက မျှော်လင့်ထားခဲ့တာပါ။ဒါပေမယ့် ဘာစီလိုနာ အသင်းရဲ့အစောပိုင်းရလဒ်ဆိုးတွေကြောင့် ဇာဗီလည်း မကယ်တင်နိုင်တော့ပဲ အသင်းဟာလည်း ယူရိုပါလိဂ်ကို ကစားရတော့မယ့် အခြေအနေအထိရောက်သွားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ ဘိုင်ယန်မြူးနစ် ကို အနိုင်ရမှ နောက်တဆင့်တက်မှာဖြစ်လို့ ကြိုးစားခဲ့ပေမယ့် ပြိုင်ဘက်အသင်းရဲ့တိုက်စစ်ဆင်မှုကို မထိန်းချုပ်နိုင်တာကြောင့် (၃)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။

ဇာ‌ဗီ က “ကျွန်တော် အလွန်ဒေါသထွက်မိပါတယ်။ဒါဟာ အမှန်တရားဖြစ်ပြီး ဒါကပဲ ကျွန်တော့်ကို အလွန်ဒေါသထွက်စေခဲ့တာပါ။ဒါကို ရင်ဆိုင်ပြီးဖြေရှင်းရမှာပါ။ဒါကလွဲပြီး ဘာမှလုပ်စရာမရှိပါဘူး”

“ဒီနေ့ ခေတ်သစ်ကို စတင်ပါပြီ။ကျွန်တော်တို့ ဇီးရိုးကနေ စတင်ရပါတော့မယ်”လို့ ပြောခဲ့ပါတယ်။ဘာစီလိုနာ အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲကို နှစ်ပေါင်း(၁၇)နှစ်အကြာမှ ပထမဆုံးပြန်လည်ယှဉ်ပြိုင်ရတော့မှာလည်းဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ လာလီဂါပြိုင်ပွဲမှာလည်း ရလဒ်တွေဆိုးနေတာဖြစ်ပြီး ထိပ်ဆုံးက ဦးဆောင်နေတဲ့ ရီးရယ်လ် အသင်းနဲ့ (၁၆)မှတ်အကွာ အဆင့်(၇)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ဒီတပတ်မှာတော့ အိုဆာဆူနာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။