သေပါပြီဟဲ့ဆိုတာကို နေဦး၊ မသေနဲ့ဦးဆိုပြီး နားရင်းတွေထပ်အုပ်နေတဲ့ မူလာ

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး သောမတ်စ်မူလာက မနေ့ညက ဘာစီလိုနာကို အနိုင်ယူပြီးနောက် ပြိုင်ဘက်ကိုစကားနာထပ်ထိုးသွားခဲ့ပြန်ပါတယ်။

ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲအဖြစ် ကစားခဲ့ရတဲ့ ဒီပွဲမတိုင်ခင်မှာ ဘိုင်ယန်မြူးနစ်က အုပ်စုပထမနဲ့ နောက်တဆင့်တက်ပြီးဖြစ်ပေမယ့် ဘာစီလိုနာကတော့ အနိုင်ရမှသာ တက်နိုင်မှာပါ။

ဒါပေမယ့် လီဝန်ဒေါစကီး ဘလွန်းဒီအော်မရခဲ့တဲ့အပေါ် ချန်ပီယံလိဂ်မှာ လက်စားချေမယ်လို့ မူလာက ကြုံးဝါးခဲ့တဲ့အတိုင်း အခု ဘာစီလိုနာကိုလည်း အိမ်ကွင်းမှာ ၃-၀ ဂိုးနဲ့ အနိုင်ယူကာ မူလာလည်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ဘိုင်ယန်မြူးနစ်အတွက် မူလာ၊ ဆာနေး၊ မျူရှယ်လာတို့က ဂိုးတွေသွင်းယူပေးခဲ့တာပါ။ ပွဲအပြီးမှာလည်း မူလာက “ဘိုင်ယန်မြူးနစ်က ကျနော်တို့ကို ယှဥ်ဖို့ နည်းစနစ်၊ နည်းဗျူဟာ၊ ကစားသမားအင်အားရှိပါတယ်”

“ဒါပေမယ့် သူတို့အတွက် တိုက်ပွဲဝင်စိတ်ဓာတ်ဆိုတာ ဘာမှန်းမသိပါဘူး။ အဲ့ဒါကြောင့်လည်း ဒီနေ့ ဒီလိုဖြစ်ခဲ့ရတာပေါ့” လို့ ပြောကြားခဲ့ပါတယ်။

ဘင်ဖီကာနဲ့ ဒိုင်နမိုကိဗ်ပွဲမှာ ဘင်ဖီကာက လိုအပ်နေတဲ့ အနိုင်ရလဒ်ကို ရယူသွားခဲ့တာကြောင့် ဘာစီလိုနာတို့ ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်နဲ့ ကျေနပ်ခဲ့ရတာပါ။

ဒါ့အပြင် ယူရိုပါလိဂ်လို့ ပြောင်းလဲပြီးနောက်ပိုင်း ဘာစီလိုနာဟာ ပထမဆုံးအကြိမ်အဖြစ် ဒီပြိုင်ပွဲကို သွားရောက်ကစားရတော့မှာဖြစ်ပြီး မူလာကလည်း ဘာစီလိုနာကို ဂိုးအများဆုံး သွင်းယူနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။