လူငယ်တွေကိုလည်းမြင်ရ၊ ဖခင်မေတ္တာကိုလည်း ကွင်းထဲမှာမြင်လိုက်ရတဲ့ ယူနိုက်တက်ပွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ယန်းဘွိုင်းစ်တို့ရဲ့ တဖက်တဂိုးစီသရေကျခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲမှာ ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်က အရံကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို ပေါင်းစပ်ပွဲထုတ်ခဲ့ပါတယ်။

အာမက်ဒီယာလို၊ အီလန်ဂါတို့ ပွဲထွက်ခဲ့သလို ဒုတိယပိုင်းမှာလည်း မန်ဂီ၊ ရှိုတိုင်းရား၊ ဆာဗေ့ချ်၊ အစ်ဂ်ဘယ်လ် အစရှိတဲ့ အကယ်ဒမီထွက် ကစားသမားလေးတွေ လူစားဝင်ကစားခဲ့သေးတာပါ။

ဆာဗေ့ချ်ကတော့ ကစားသမားဟောင်းကြီး ဘော်ဘီဆားဗေ့ချ်ရဲ့ သားဖြစ်သူဖြစ်ပြီး ဘော်ဘီဆားဗေ့ချ်ကလည်း ဒီပွဲကို စီစဥ်တင်ဆက်သူအဖြစ် ပွဲကြည့်စင်ပေါ်မှာရှိနေပါတယ်။ ပွဲချိန်အတွင်းမှာပဲ ဘော်ဘီဆားဗေ့ချ်က “အခု မာတာနေရာမှာ ချာလီဆားဗေ့ချ် ဝင်လာပါပြီ”

“ဝိုး… ကျနော် အခု ယူနိုက်တက်မှာ ဒီလိုစကားမျိုး ပြောရမယ်လို့ ဘယ်တုန်းကမှ မယုံကြည်ခဲ့မိဘူး။ ကျနော့်သားအတွက် ဘယ်လောက်တောင် ဂုဏ်ယူစရာကောင်းလိုက်တဲ့နေ့လဲဗျာ”

“ဒါ ကြိုးစားအားထုတ်မှုရဲ့ ရလဒ်ပဲ။ ကျနော့်အတွက်၊ သူ့အမေအတွက်၊ သူ့အဖိုးအဖွားတွေအတွက် ဒီကောင်လေး အခု အိုးထရက်ဖို့ဒ်မှာရှိနေတာက အရေးကြီးဆုံးအရာပါပဲ” လို့ မျက်ရည်ကျလုမတတ်ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ မနေ့က သရေပွဲကြောင့် အုပ်စုပွဲစဥ်အားလုံး ကစားပြီးချိန်မှာ ရမှတ် (၁၁) မှတ်နဲ့ အုပ်စုဗိုလ်ဖြစ်ခဲ့ပါတယ်။ အတ္တလန်တာနဲ့ ဗီလာရီးရဲယ်ပွဲကတော့ မနေ့ညက ဆီးနှင်းတွေ ထူထပ်စွာကျဆင်းနေတာကြောင့် ပွဲကို ရွှေ့ဆိုင်းခဲ့ရပြီး ပြန်ကစားမယ့်နေ့ရက်ကို ကြေညာပေးမယ်လို့ သိရှိရပါတယ်။