မန်ယူမှာ အိုရီဂီရှိရင် ရော်နယ်ဒို အရံခုံထိုင်နေရလိမ့်မယ်။

လီဗာပူးပရိသတ်တယောက်က သူအားပေးတဲ့ အသင်းတိုက်စစ်မှူး အိုရီဂီနဲ့ ပတ်သက်လို့ ရော်နယ်ဒိုနဲ့ပါ နှိုင်းယှဥ်ချီးကျူးသွားခဲ့ပါတယ်။

အိုရီဂီဟာ လီဗာပူးရဲ့ နောက်ဆုံး (၂) ပွဲဆက်တိုက်မှာ အရေးပါတဲ့ အနိုင်ဂိုးတွေ သွင်းပေးခဲ့တာပါ။ ဝုလ်ဗ်နဲ့ပွဲမှာ သရေကျမလိုဖြစ်နေရာကနေ အိုရီဂီက နာကျင်အချိန်ပိုမှာ နောက်ကျအနိုင်ဂိုးသွင်းပေးခဲ့ပါတယ်။

အင်္ဂါညက ကစားခဲ့တဲ့ အေစီမီလန်နဲ့ပွဲမှာလည်း အိုရီဂီက အသင်းအတွက် အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပါအဝင် မာဆေးဆိုက်ဒ်ဒါဘီ၊ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တို့မှာ အိုရီဂီက နောက်ကျအနိုင်ဂိုးတွေ သွင်းယူပေးနိုင်ခဲ့ဖူးတာပါ။

အရံကစားသမားတယောက်ပင်ဖြစ်ပေမယ့် ကလော့ပ်အတွက် အိုရီဂီက အားကိုးရတဲ့ ကစားသမားဖြစ်တယ်ဆိုတာကို ကလော့ပ် ကိုယ်တိုင်က ထုတ်ပြောထားပါတယ်။

အခုချိန်မှာလည်း လီဗာပူးပရိသတ်တယောက်က ဆွေးနွေးခန်းတခုမှာ “ကျနော်ကတော့ အိုရီဂီက ရော်နယ်ဒိုထက် ပိုကောင်းတယ်ထင်ပါတယ်။ နောက်ဆုံး (၄) နှစ်ချင်း ယှဥ်ရင်ပေါ့”

“ရော်နယ်ဒိုက ဒီနောက်ဆုံး (၄) နှစ်အတွင်း ဘာတွေ ထူးထူးခြားခြား လုပ်ပြထားလို့လဲ? သူက ဂျူဗင်တပ်စ်နဲ့လည်း ချန်ပီယံလိဂ်ဖလား မရခဲ့ပါဘူး”

“ယူနိုက်တက်မှာ အိုရီဂီကစားရင် ကျနော်ကတော့ ရော်နယ်ဒိုထက် အိုရီဂီကိုပဲ ဦးစားပေးပွဲထုတ်မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

လာမယ့် ဇန်နဝါရီမှာ အာဖရိကဖလားပြိုင်ပွဲရှိတာကြောင့် ဆာလာ၊ မာနေးတို့လို အဓိကတိုက်စစ်ကစားသမားတွေကို လီဗာပူးတို့ လက်လွှတ်ရမှာဖြစ်ပြီး အဲ့ဒီအချိန်မှာရော အိုရီဂီတယောက် ခြေစွမ်းပြနိုင်ဦးမလား စောင့်ကြည့်ရမှာပါ။